ရှစ်လေးလုံး နှစ်ပတ်လည်နေ့ အခမ်းအနား မြို့ကြီးတွေမှာ ကျင်းပ



၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအောက်ကနေ သွားနေရတဲ့ မြန်မာ့နိုင်ငံရေးမှာ ဒီမိုကရေစီပြည့်အဝ မရသေးဘူးလို့ ၈၈ မျိုးဆက်အင်အားစုတွေက ၃၂ နှစ်မြောက် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံ နှစ်မြောက်နေ့မှာ ပြောလိုက် ပါတယ်။

ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ ၃၂ နှစ်မြောက် အခမ်းအနားကို ၈၈ သပိတ်မှောက် ကျောင်းသား အင်အားစုတွေဦးဆောင်ပြီး ဒီနေ့ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံအနီးမှာ ကျင်းပခဲ့ပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအောက်ကနေ တိုင်းရင်းသားတန်းတူညီမျှရေး ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဆိုတာ မဖြစ်နိုင်ဘူးလို့ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးကိုကိုကြီးက ပြောပါတယ်။

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်တဲ့ ဦးမြအေးက မြန်မာနိုင်ငံရဲ့ လက်ရှိဒီမိုကရေစီဟာ မီးကြိုးမောင်းပျက် ဒီမိုကရေစီသာ ဖြစ်တယ်လို့ ပြောလိုက်ပါတယ်။

၈၈ မျိုးဆက် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ တစ်ဦးဖြစ်ခဲ့တဲ့ ကိုဘိုဘိုကလည်း ၈၈ ရဲ့ ရည်မှန်းချက်ဖြစ်တဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးမှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ အဟန့်အတား တစ်ခုဖြစ်နေတယ်လို့ ပြောပါတယ်။

လက်ရှိမြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ် ကပ်ရောဂါအန္တရာယ်ကြားထဲမှာ စီးပွားရေး အကျပ်အတည်း၊ သဘာဝဘေး အန္တရာယ်၊ စစ်ဘေးဒုက္ခတွေ၊ တရားလက်လွတ် ဖမ်းဆီးသတ်ဖြတ်မှုတွေနဲ့ ပြည်သူလူထုရဲ့ ဘေးကင်းလုံခြုံစေဖို့ ဟာ ၈၈ မျိုးဆက်တွေရဲ့ အဓိက စိုးရိမ်မှုနဲ့ ဆန္ဒအမှန်ဖြစ်တယ်လို့ အချက် ၇ ချက် ပါတဲ့ ဒီနေ့ထုတ်ပြန်ချက်မှာ ပါဝင်ပါတယ်။

ဒီနေ့ အခမ်းအနားကို တက်ရောက်လာတဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ လူငယ်တစ်ဦးဖြစ်တဲ့ ကိုစည်သူမောင် ကလည်း ၈၈ ကျောင်းသားတွေရဲ့ ရည်မှန်ချက်တွေကို လွှတ်တော်တွင်း လွှတ်တော် ပြင်ပနဲ့ ပြည်သူတွေ ပူးပေါင်း လုပ်ဆောင်ဖို့ လိုအပ်တယ်လို့ ပြောပါတယ်။

လွန်ခဲ့တဲ့ ၃၂ နှစ်အချိန်တုန်းက ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံမှာ ကျဆုံးခဲ့ကြသူတွေအတွက် သံဃာတော် တွေကို ဆွမ်းဆပ်ကပ်ကြသလို အနီရောင်ပန်းတွေနဲ့ လွမ်းဆွတ်အောက်မေ့ကြတဲ့အနေနဲ့ ရန်ကုန် အပါအဝင် မန္တလေး၊ မော်လမြိုင်၊ တောင်ကြီးလိုမြို့ကြီးတွေမှာလည်း ကျင်းပခဲ့ကြပါတယ်။

RFA Burmese
ရှစ်လေးလုံး နှစ်ပတ်လည်နေ့ အခမ်းအနား မြို့ကြီးတွေမှာ ကျင်းပ ရှစ်လေးလုံး နှစ်ပတ်လည်နေ့ အခမ်းအနား မြို့ကြီးတွေမှာ ကျင်းပ Reviewed by THITHTOOLWIN on 23:33 Rating: 5

No comments:

Powered by Blogger.