ဝင်းနဲ့ဇော် သေဒဏ်ကလွတ်

ကော့စမွေ ခရိုင် တရားရံးကို ရောက်လာတဲ့ ဝင်း( ညာ) နဲ့ ဇော် ( ဘယ်) - ၂၀၁၅ ဇူလိုင်


ထိုင်း အစိုးရက နိုင်ငံတော်ပြန်တမ်းအဖြစ် ထုတ်ပြန်လိုက်တဲ့ ထိုင်းဘုရင်ရဲ့ လွတ်ငြိမ်းသက်သာခွင့်အရ မြန်မာ အလုပ်သမား ဝင်း နဲ့ ဇော်ဟာ သေဒဏ်ကနေလွတ်မြောက်ပြီး တစ်သက်တစ်ကျွန်းပြစ်ဒဏ်ကို ပြောင်းလဲကျခံရမှာ ဖြစ်ပါတယ်။


အဲဒီလွတ်ငြိမ်းခွင့် ကြေညာချက်ကို ထိုင်းအစိုးရက သြဂုတ်လ ၁၄ ရက်မှာ ကြေညာခဲ့တာ ဖြစ်ပါတယ်။


ထိုင်းဘုရင်ရဲ့ မွေးနေ့ ဇူလိုင် ၂၈ ရက်မှာ အခုလို လွတ်ငြိမ်းသက်သာခွင့်တွေပေးလေ့ရှိပြီး အဲဒီသက်သာခွင့်အရ ဝင်းနဲ့ဇော်လည်း အခုလို ပြစ်ဒဏ်လျှောပေါ့ခံရတာ ဖြစ်တယ်လို့ ထိုင်းလူ့အခွင့်အရေးကောင်စီက ရှေ့နေ ဆူရာဖုန် ကောင်ချန်ထစ်က ပြောပါတယ်။


အဲဒီ ကြေညာချက် ပုဒ်မ ၁၅ အရ ဝင်းနဲ့ ဇော်တို့ အခုလို သေဒဏ်ပြစ်ဒဏ်ကနေ တစ်သက်တစ်ကျွန်းပြစ်ဒဏ်ကို ပြောင်းလဲကျခံရမှာ ဖြစ်ပါတယ်။


ထိုင်းနိုင်ငံမှာ အလုပ်လုပ်နေတဲ့ မြန်မာအလုပ်သမားတွေဖြစ်တဲ့ ဇော်လင်းနှင့် ဝင်းဇော်ထွန်းတို့ဟာ ဗြိတိသျှနိုင်ငံသား ဒေးဗစ်မေးလာကို လူသတ်မှု၊ ဟန်နာကို မုဒိမ်းမှု၊ လူသတ်မှုတို့နဲ့ ၂၀၁၅ မှာ သေဒဏ်ချမှတ်ခံထားရတာ ဖြစ်ပါတယ်။


အဆင့်ဆင့် အယူခံတက်ခဲ့ပေမဲ့ သူတို့ရဲ့ နောက်ဆုံးအယူခံ ၂၀၁၉ သြဂုတ်လမှာ ရှုံးနိမ့်ခဲ့ပါတယ်။


အဲဒီနောက် သူတို့အတွက် ထိုင်းဘုရင် ၀ဂျီယာလောင်ကွန်းထံကို ၂၀၁၉ အောက်တိုဘာလ ၂၄ ရက်နေ့ က အသနားခံစာတင်ခဲ့တယ်လို့ သူတို့ရှေ့နေ ဦးအောင်မျိုးသန့်က ဘီဘီစီကို ပြောထားပါတယ်။


မြန်မာရွှေ့ပြောင်းအလုပ်သမား ခန့်မှန်းခြေ ၄,၀၀၀ လောက် အလုပ်လုပ်ကိုင်နေတဲ့ လိပ်ကျွန်းမှာ ၂၀၁၄ ခုနှစ် စက်တင်ဘာ ၁၅ ရက်နေ့က လူသတ်မှုဖြစ်ပွားပြီး ရက်ပိုင်းအတွင်းမှာပဲ ဖမ်းဆီးခံခဲ့ရတဲ့ မြန်မာလူငယ် ၂ ယောက်ကတော့ သတ်ဖြတ်မှု ကျုးလွန်ကြောင်း အစောပိုင်းမှာတော့ ဝန်ခံပြောဆိုခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ ရဲတွေရဲ့ နှိပ်စက်မှုကြောင့် ဖြောင့်ချက်ပေးခဲ့တာ ဖြစ်တဲ့အကြောင်း တရားရုံးမှာ ထွက်ဆိုခဲ့ပါတယ်။


သေဒဏ်ချမှတ်ခံထားရတဲ့ မြန်မာနိုင်ငံသားနှစ်ယောက် အမှုအပေါ် ထိုင်းရှေ့နေများကောင်စီနဲ့ ပူးပေါင်းပြီး မြန်မာသံရုံးကပါ လိုက်ပါကူညီဆောင်ရွက်ခဲ့ကြပါတယ်။


လိပ်ကျွန်းက ဗြိတိသျှစုံတွဲနှစ်ဦး အသတ်ခံရမှုနဲ့ ပတ်သက်ပြီး ဝင်းနဲ့ဇော်ကို တရားခံလို့ စွပ်စွဲခဲ့တဲ့ အပေါ် ဗြိတိန်နဲ့ ထိုင်းတို့အပါအဝင် နိုင်ငံအများအပြားက ထိုင်းရဲတပ်ဖွဲ့ အပေါ် ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြပါတယ်။


ဒီအမှုမှာ ထိုင်းရဲတပ်ဖွဲ့က ဝင်းနဲ့ ဇော်တို့အပေါ် ဖိအားပေးကာ တရားခံလို့ ဝန်ခံခိုင်းတာ၊ သေဆုံးသူ ဟန်နာရဲ့ကိုယ်ပေါ်မှာတွေ့ရှိတဲ့ မျိုးရိုးဗီဇ နဲ့ စွပ်စွဲခံထားရသူတွေရဲ့ မျိုးရိုးဗီဇတွေ ထပ်တူမကျတာတွေ စတာတွေလည်း ကွဲလွဲမှုတွေရှိတယ်လို့ ဝေဖန်တာတွေရှိခဲ့ပါတယ်။


BBC Burmese

https://www.bbc.com/burmese/burma-53782350

ဝင်းနဲ့ဇော် သေဒဏ်ကလွတ်  ဝင်းနဲ့ဇော် သေဒဏ်ကလွတ် Reviewed by THITHTOOLWIN on 02:47 Rating: 5

No comments:

Powered by Blogger.