နိုင်ငံခြားသားအလုပ်သမားခေါ်ယူမှု ကန့်သတ်ဖို့ မလေးရှားအစိုးရ ဆုံးဖြတ်


နိုင်ငံခြားသား ရွှေ့ပြောင်းလုပ်သားတွေကို လုပ်ငန်းခွင်တွေမှာ အရေအတွက်ကန့်သတ်ငှားရမ်းမယ့် မလေးရှား အစိုးရရဲ့ ဆုံးဖြတ်ချက် ဟာ တန်ပြန်ဆိုးကျိုးရလဒ်ကိုသာ ရစေလိမ့်ယ်လို့ ကျွမ်းကျင်သူတွေက ဝေဖန်ထောက်ပြကြပါတယ်။


ဒီလိုကန့်သတ်ချက်ကို ထုတ်ပြန် ရတာ ဟာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် အလုပ်ဆုံးရှုံးရသူ မလေရှားနိုင်ငံသားတွေ အလုပ်ပြန်ရဖို့ရည်ရွယ်တယ်လို့တော့ မလေးရှားအစိုးရ က ပြောထားပါတယ်။


မလေးရှားနိုင်ငံမှာ COVID 19 ကြောင့် အသွားအလာ ပိတ်ပင်ခဲ့ရလို့ ဖေဖော်ဝါရီလက မေလအတွင်း လူ ၃၀၀,၀၀၀ အလုပ် ဆုံးရှုံးခဲ့ရ ပြီး အလုပ်လက်မဲ့နှုန်း ၅.၃ ရာခိုင်နှုန်း မြင့်တက်ခဲ့ပါတယ်။ အဲဒီလူတွေပြန်ပြီးအလုပ်နိုင်ဖို့အတွက် အခုအချိန်ကစပြီး ဆောက်လုပ်ရေး နဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေမှာသာ နိုင်ငံခြားသားရွှေ့ပြောင်း လုပ်သားတွေကို ဆက်လက် အသုံးပြုခွင့်ပြုမယ်လို့ မလေးရှား လူသား ရင်းမြစ်ဆိုင်ရာ ဒုတိယဝန်ကြီး Awang Hashim ပြီးခဲ့တဲ့လ နှောင်းပိုင်းက ပါလီမန်ကို ပြောခဲ့တာပါ။ ကျန်တဲ့ လုပ်ငန်းတွေမှာ ဒေသခံ လုပ်သားတွေနဲ့ လုပ်ကိုင်ရမှာဖြစ်ပြီး ဒီဆုံးဖြတ်ချက်က နိုင်ငံခြားသား အလုပ် သမား အရေအတွက် လျှော့ချရေး လမ်းညွှန်ချက်တစ်ခု ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။


မလေးရှားနိုင်ငံရဲ့ စီးပွားရေးဟာ ရွှေ့ပြောင်း အလုပ်သမား အများအပြားပေါ်မှီခိုနေရာတာ ဖြစ်ပြီး ရွှေ့ပြောင်း လုပ်သား အများစုက မလေးရှားနိုင်ငံသားတွေ မလုပ်ချင်တဲ့ 3D လို့ခေါ်တဲ့ အန္တရာယ်များ၊ ညစ်ပတ်၊ ခက်ခဲကြမ်းတမ်းတဲ့ အလုပ်အကိုင်နေရာတွေမှာ ဖြည့် ဆည်း လုပ်ကိုင်နေတာ ဖြစ်ပါတယ်။ အဲဒီ လုပ်သားအင်အားနဲ့ မလေးရှားနိုင်ငံဟာ အရှေ့တောင်အာရှမှာ တတိယ အကြီးဆုံး စီးပွား ရေးနိုင်ငံဖြစ်လာခဲ့တာပါ။ အခုလောလောဆယ် ရွှေ့ပြောင်းလုပ်သား ၂.၁ သန်း ရှိပြီး အများစုဟာ အခုကြေညာချက်မှာ အကျုံးဝင်တဲ့လုပ်ငန်းကဏ္ဍတွေမှာ လုပ်ကိုင်နေတာလည်း ဖြစ်ပါတယ်။


တရားဝင် အလုပ်လုပ်နေတဲ့ ရွှေ့ပြောင်းလုပ်သား ၂.၁ သန်းဟာ စက်မှုလက်မှုလုပ်ငန်း၊ ဝန်ဆောင်မှုနဲ့ အိမ်အကူ လုပ်ငန်းတွေမှာ လုပ်ကိုင်နေရတာလို့ မလေးရှား အလုပ်ရှင်များ ဖက်ဒရေးရှင်းက ပြောပါတယ်။ အလားတူပဲ မလေးရှား အသေးစားနဲ့ အလတ်စား လုပ်ငန်းရှင်များ အသင်းးနဲ့ ကုန်ထုတ်လုပ်ငန်းရှင်များ အသင်းကလည်း ကြေညာချက်ထဲ အကျုံးဝင်တဲ့ ကုမ္ပဏီတွေ အခက်အခဲတွေ့လိမ့် မယ် လို့ ပြောသလို ဒီကိစ္စနဲ့ပတ်သက်ပြီး မလေးရှားအစိုးရဟာ မလေးရှား စီးပွားရေး လုပ်ငန်းကြီးတွေနဲ့ ညှိနှိုင်းတိုင်ပင်ခဲ့တာတွေ မရှိခဲ့ဘူးလို့ ပြောပါတယ်။


ဒီကိစ္စနဲ့ပတ်သက်ပြီး VOA က ဆက်သွယ်မေးမြန်းတာကိုလည်း မလေးရှား လူသားရင်းမြစ် ဝန်ကြီးဌာနက ဖြေဆိုဖို့ ငြင်းဆိုခဲ့ပါတယ်။


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/malaysia-government-policy-on-foreign-worker-/5542760.html

နိုင်ငံခြားသားအလုပ်သမားခေါ်ယူမှု ကန့်သတ်ဖို့ မလေးရှားအစိုးရ ဆုံးဖြတ် နိုင်ငံခြားသားအလုပ်သမားခေါ်ယူမှု ကန့်သတ်ဖို့ မလေးရှားအစိုးရ ဆုံးဖြတ် Reviewed by THITHTOOLWIN on 18:36 Rating: 5

No comments:

Powered by Blogger.