လွိုင်ကော်တောင်သူတွေကို စွဲထားတဲ့အမှု ပြည်နယ်တရားရုံးက ပလပ်

တရားစွဲခံရတဲ့ တောင်သူအချို့နဲ့ လာရောက်ဝန်းရံသူတွေကို ၂၀၂၀၊ သြဂုတ် ၁၄ ရက်နေ့က တွေ့ရစဉ် / ဓာတ်ပုံ - စိုးစိုးထက်/ RFA


ကယားပြည်နယ် လွိုင်ကော်မြို့အခြေစိုက် အမြှောက်တပ်က တောင်သူတွေကို တရားစွဲထားတဲ့အမှုကို ပြည်နယ်တရားရုံးက ဒီကနေ့ ပလပ်လိုက်ကြောင်း အမိန့်ချလိုက်ပါတယ်။


လွိုင်ကော်မြို့က တောင်ယာမြေကိစ္စနဲ့ပတ်သက်ပြီး မြို့နယ်တရားရုံးက အမိန့်ချမှတ်ပြီးခဲ့တဲ့အမှုကို အမြောက်တပ် ၃၅၆ နဲ့  ခြေမြန်တပ်ရင်း ၂၅၀ တပ်ရင်းက ပြည်နယ်တရားလွှတ်တော်ရုံးကို ထပ်မံ ပြင်ဆင်ချက်တက်ခဲ့ရာမှာ မြို့နယ်တရားရုံးရဲ့ ချမှတ်ထားတဲ့အတိုင်း အတည်ဖြစ်ကြောင်းနဲ့ အမှုအားလုံးကို ပလပ်လိုက်ပါတယ်။


တပ်ကသိမ်းဆည်ထားတဲ့ မြေယာပေါ်မှာ ကျူးကျော်တာတွေ ခြံခတ်ဖို့ ကျောက်တိုင်တွေကို ဖျက်ဆီးတာတွေ ညစ်ညမ်းစွာဆဲဆိုတာတွေ ဝတ္တရားနှောင့်ယှက်တာတွေ လုပ်ခဲ့တယ်ဆိုပြီး အဲဒီတပ်ရင်း နှစ်ခုက တပ်မတော်အရာရှိတွေက ပိုင်နက်ကျူးလွန်မှုပုဒ်မ ၄၄၇၊ အကျိုးပျက်စီးစေမှု ပုဒ်မ ၄၇၂၊ နိုင်ငံတော်ပိုင်ပစ္စည်း ပျက်စီးစေမှု ပုဒ်မ ၆(၁)၊ ဝတ္တရားနှောင့်ယှက်မှု ပုဒ်မ ၃၅၃၊ ညစ်ညမ်းစွာဆဲဆိုမှု ပုဒ်မ ၂၄၉ စတဲ့ ပုဒ်မတွေနဲ့ ကရင်နီပြည် တောင်သူလယ်သမားသမဂ္ဂအဖွဲ့ဝင် သုံးဦးအပါအဝင် တောင်သူ (၂၁) ဦးကို တရားစွဲဆိုခဲ့ပါတယ်။


အဲဒီအမှုတွေထဲက အမြင့်ဆုံးထောင်ဒဏ် ၇ နှစ်ချမှတ်လို့ရတဲ့ နိုင်ငံတော်ပိုင်ပစ္စည်း ဖျက်စီးမှု ပုဒ်မ ၆(၁) အမှုအတွက် ထောင်ဒဏ် ခြောက်လ သို့မဟုတ် ဒဏ်ငွေ နှစ်သောင်း ချမှတ်ခဲ့ပြီး၊ ပုဒ်မ ၄၄၇ အတွက် ဒဏ်ငွေ နှစ်သောင်း သို့မဟုတ် ထောင်ဒဏ် ၁၅ ရက်နဲ့ ကျန်ပုဒ်မ အမှုအတွက် ငွေဒဏ်ကျပ် နှစ်သောင်း ပေးဆောင်ဖို့ ချမှတ်ခဲ့ပြီး တောင်သူတွေက ဒဏ်ငွေအသီးသီး ပေးဆောင်ခဲ့တာကြောင့် အမှု ပြီးမြောက် သွားပြီးဖြစ်ပါတယ်။


လွိုင်ကော်မြို့နယ်အတွင်း ၁၉၉၀ ပြည့်နှစ်က လာရောက်အခြေချခဲ့တဲ့ အမြောက်တပ် ၃၅၆ နဲ့ ခြေမြန်တပ်ရင်း ၂၅၀ တို့မှ ဒေါမူကလား၊ မြေနီကုန်း၊ သုံးမိုင်ပကြဲက တောင်ယာမြေတွေကို တပ်စခန်းဆောက်ဖို့ သိမ်းယူခဲ့တယ်လို့ သိရပါတယ်။


သိမ်းယူမြေထဲက ပိုနေတဲ့မြေပေါ်မှာ ဒေသခံတွေ နှစ်စဉ် ထွန်ယက်စိုက်ပျိုးရာမှ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် မှာတော့ တောင်ယာမြေပေါ်မှာ တပ်ကဆက်ပြီး လုပ်ကိုင်ခွင့်မပေးနိုင်တော့ဘူးဆိုရာကနေ ဒေသခံ တောင်သူတွေနဲ့ မြေယာပြဿနာတွေဖြစ်ခဲ့သလို တောင်သူအရေး လိုက်ပါဆောင်ရွက်သူတွေလည်း တရားစွဲဆိုမှုတွေ ခံခဲ့ရတာပဲဖြစ်ပါတယ်။


ပြည်နယ်အဆင့်တရားရုံးက ဒီအမှုကို ပလပ်လိုက်ပြီဖြစ်ပေမယ့်လည်း တရားလိုဘက်က ပြည်ထောင်စု တရားလွှတ်တော် အဆင့်မှာ ထပ်မံတင်ပြခွင့်ရှိဦးမယ်လို့ တောင်သူတွေအတွက် ဒီအမှုကိုလိုက်ပါ ဆောင်ရွက်ပေးခဲ့တဲ့ တရားလွှတ်တော်ရှေ့နေ စောခူးတလေ က RFA ကို ပြောပါတယ်။


တပ်မတော်မှ သိမ်းဆည်းထားတဲ့ တပ်ပိုင်မြေမှာ တစ်ပြည်နယ်လုံး အတိုင်းအတာအရ ၁၄၇၇၆.၀၁ ဧက ရှိပြီး မူဝါဒနဲ့အညီ ပြန်လည်စွန့်လွှတ်လိုက်တဲ့ စွန့်လွှတ်မြေ ၄၁၁၁.၆၆ ဧက ရှိတယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ကနေ သိရပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/loikaw-farmers-08142020061646.html

လွိုင်ကော်တောင်သူတွေကို စွဲထားတဲ့အမှု ပြည်နယ်တရားရုံးက ပလပ်  လွိုင်ကော်တောင်သူတွေကို စွဲထားတဲ့အမှု ပြည်နယ်တရားရုံးက ပလပ် Reviewed by THITHTOOLWIN on 18:32 Rating: 5

No comments:

Powered by Blogger.