ကျောက်တော်မြို့နယ်မှာ ရွာသား ငါးဦး ဖမ်းဆီးခံရ


ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ကျောက်တစ်လုံးကျေးရွာက ကျေးရွာသား လေးဦးကို ဒီနေ့ မနက် ၁၁ နာရီခွဲလောက်မှာ တပ်မတော်စစ်ကြောင်းတစ်ခုက ရွာထဲကိုဝင်လာပြီး ဖမ်းဆီးခေါ်ဆောင်သွားတာလို့ မိသားစုဝင်တွေက RFA ကိုပြောပါတယ်။ ဖမ်းဆီးခံရသူတွေဟာ အသက် ၄၀ ဝန်းကျင်တွေရှိ ကြတဲ့ ဦးသန်းအောင်ကျော်၊ ဦးလှလှမောင်၊ ဦးအောင်ခိုင်လှ၊ ဦးမောင်အေးကျော်တို့ဖြစ်လို့ သိရပါတယ်။


ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ အစိုးရ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA တို့အကြား တိုက်ပွဲတွေ ဖြစ်ပွားနေပြီး  AA အဖွဲ့ဝင်တွေ၊ ဒါမှမဟုတ် AA ထောက်ခံသူ အမာခံတွေလို့ သံသယရှိသူတွေကို တပ်မတော်နဲ့ လုံခြုံရေး တပ်ဖွဲ့တွေက မကြာခဏ ဖမ်းဆီးစစ်ဆေးတာတွေ ရှိနေပါတယ်။


ရွာထဲမှာ ရှိနေတုန်း ရွာတောင်ဘက်ကနေ တပ်မတော်စစ်ကြောင်းတစ်ခု ဝင်လာပြီး ဖမ်းဆီးခေါ် ဆောင်သွားတာလို့ ဦးအောင်ခိုင်လှရဲ့အမျိုးသမီး သမီးဖြစ်သူ ဒေါ်မစံသာကပြောပါတယ်။


“ရွာကယောကျာ်းတွေက စစ်သားတွေလာတယ်ဆိုရင် အရင်ကလည်းကြောက်လန့်ပြီး ထွက်ပြေးရတယ်။ အခုကျွန်မယောကျာ်း ရှောင်နေဖို့သွားရာက ဖမ်းသွားတာ။ စစ်သားတွေက စာသင်ကျောင်းနားမှာ စစ်ကြောင်းက ရပ်နေတယ်တဲ့။ အဲဒီမှာ ကျွန်မယောကျာ်း ရှောင်ဖို့သွားတာနဲ့တွေ့ပြီး ဖမ်းသွားတာ။ ကျွန်မသိတာက အဲဒီစာသင်ကျောင်းနားက လေးယောက်အဖမ်းခံရတယ်တဲ့။ သူတစ်ခုခုဖြစ်သွားမှာကို စိုးရိမ်ပါတယ်။ သူ့ကိုအမြန်ဆုံးပြန်လွတ်စေချင်ပါတယ်။ ကျွန်မမှာ လုပ်စားဖို့ တစ်ခုမှမရှိဘူး။ ကလေးနှစ်ယောက်နဲ့ တစ်ရက်ရှာ တစ်ရက်စားနေတာပါ။”


ကျောက်တော်မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးမောင်မောင်ကလည်း ကျောက်တစ်လုံးက ကျေးရွာသား လေးဦးနဲ့ အဲဒီ ကျောက်တစ်လုံးရွာအနီးမှာရှိတဲ့ စိမ်းညှင်းပြားကျေးရွာက အသက် ၄၀ အရွယ် ကျေးရွာသားတစ်ဦးကိုလည်း တပ်မတော်က ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ အတည်ပြု  ပြောဆိုပါတယ်။


"ကျောက်တစ်လုံးကျေးရွာထဲကို တပ်မတော်စစ်ကြောင်းက ဝင်တာတယ်ပေါ့နော်။ စစ်ကြောင်းဝင်လာပေမယ့် ရွာသားတွေဟာ လယ်ယာထွန်ယက်တဲ့လုပ်ငန်းတွေ လုပ်နေကြတယ်။ စားဖို့သောက်ဖို့အတွက်  တစ်နိုင်တစ်ပိုင်လုပ်တဲ့ဥစ္စာတွေရှိတဲ့အခါ မိမိအလုပ်ကိုလုပ်ကိုင်နေကြတယ်ပေါ့နော်။ အဲဒီမှာ စစ်ကြောင်း ဝင်လာတာနဲ့တွေ့လို့ဆိုပြီး ကျောက်တစ်လုံးကျေးရွာက ရွာသားလေးယောက်ရယ်၊ အဲဒီရွာနားက စိမ်းညှင်းပြားဆိုတဲ့ရွာကတစ်ယောက်ရယ်။ အဲဒီငါးယောက်ကို ခေါ်ယူသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။”


အဲဒီဖမ်းဆီးထားတဲ့ အရပ်သားလေးယောက်ကို အခုလက်ရှိ ရွှေတလှည်းကျေးရွာဘုန်းကြီးကျောင်းမှာ ထိန်းသိမ်းထားတယ်ဆိုတာကိုသိရတယ်လို့လည်း သူကဆိုပါတယ်။ မိသားစုတွေကတော့ တပ်က ဖမ်းဆီးသွားသူတွေအတွက် အသက်အန္တရာယ်ထိခိုက်မှာကို စိုးရိမ်နေတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။


အခုလို တပ်မတော်စစ်ကြောင်းတစ်ခုက ရွာသား ငါးဦးကို ဖမ်းဆီးသွားတဲ့ ကိစ္စနဲ့ ပတ်သက်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ကို RFA က တယ်လီဖုန်းကနေ အကြိမ်ကြိမ်ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။


အခုလိုကျေးရွာသားတွေ ဖမ်းဆီးခံရတာကြောင့် အဲဒီကျောက်တစ်လုံးကျေးရွာက ဒေသခံတစ်ချို့ဟာ မဟာမုနိကျေးရွာ၊ သရက်တစ်ပင်ကျေးရွာနဲ့ တခြားနီးစပ်ရာဒေသတွေကိုထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေကပြောပါတယ်။


ကျောက်တစ်လုံးကျေးရွာမှာ ပြီးခဲ့တဲ့သြဂုတ်လ ၃ ရက်နေ့ကလည်း ရွာထဲကိုလက်နက်ကြီးကျည်တစ်လုံး ကျရောက်ပေါက်ကွဲလို့ အမျိုးသမီး နှစ်ဦးနဲ့ အမျိုးသား နှစ်ဦး ဒဏ်ရာရသွားခဲ့ကြပါတယ်။


အဲဒီလို ဖမ်းဆီးစစ်ဆေးတဲ့အခါမှာ ဒဏ်ရာတွေနဲ့ ပြန်လည်လွတ်မြောက်လာသူတွေရှိသလို၊ အဲဒီ စစ်ကြောရေးထဲမှာပဲ သေဆုံးသွားတဲ့သူတွေနဲ့ တရားစွဲခံရတဲ့သူတွေလည်း အများအပြားရှိနေပါတယ်။


ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ AA တို့ကြား တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေဆဲဖြစ်သလို အရပ်သားတွေ ဖမ်းဆီးခံရတာ၊ ထိခိုက်ဒဏ်ရာရတာ၊ သေဆုံးတာတွေဟာလည်း နေ့စဉ်နဲ့အမျှ ရှိနေပါတယ်။


RFA ကရရှိထားတဲ့စာရင်းတွေအရ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလကနေ အခုနှစ် သြဂုတ်လ ၇ ရက်နေ့အထိဖြစ်ပွားတဲ့ တပ်မတော်နဲ့  AA တို့ တိုက်ပွဲကာလအတွင်းမှာ သေဆုံးတဲ့အရပ်သား (၂၇၈) ဦးနဲ့ ထိခိုက်ဒဏ်ရာရတဲ့အရပ်သား (၆၀၄ )ဦး အထိ ရှိနေပြီဖြစ်ပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/five-villagers-were-arrested-in-kyauktaw-08142020083858.html

ကျောက်တော်မြို့နယ်မှာ ရွာသား ငါးဦး ဖမ်းဆီးခံရ  ကျောက်တော်မြို့နယ်မှာ ရွာသား ငါးဦး ဖမ်းဆီးခံရ Reviewed by THITHTOOLWIN on 02:52 Rating: 5

No comments:

Powered by Blogger.