ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် မိနစ်ပိုင်းအတွင်း ယာဉ်တိုက်မှုများဖြစ်ပွားပြီး လူ ၅ ဦးသေဆုံး

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် ဖြစ်ပွားခဲ့သော ယာဉ်တိုက်မှုအား မီးသတ်တပ်ဖွဲ့ဝင်များ ကယ်ဆယ်ရေးဆောင်ရွက်စဉ် (မီးသတ်ဦးစီးဌာန)

    ရန်ကုန်၊ သြဂုတ် ၃ ရက် (ဆင်ဟွာ)

    ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် ယနေ့ ( သြဂုတ် ၃ ရက်) နံနက်ပိုင်း၌ မိနစ်ပိုင်းအတွင်း ယာဉ်တိုက်မှု သုံးခုဖြစ်ပွားပြီး လူ ၅ ဦးသေဆုံးခဲ့ကြောင်း အမြန်လမ်းမကြီးရဲတပ်ဖွဲ့ရုံးထံမှ သိရသည်။

 "မိုင် တိုင် ၁၇၆မှာ တစ်ခါ၊ မိုင်တိုင် ၁၂၅မှာ တစ်ခါ၊ မိုင်တိုင် ၃၃၃မှာ တစ်ခါ မိနစ်ပိုင်းပဲခြားတယ်၊ ယာဉ်မတော်တဆမှုဖြစ်တာ၊ ၂စီးကတော့ လူသေတယ်၊ တစ်စီးကတော့ ဒဏ်ရာပဲရတယ်၊ မိုးရွာနေတော့ အရှိန်လျှော့မောင်းသင့်တယ်" ဟု အမြန်လမ်းမကြီးရဲတပ်ဖွဲ့ရုံးမှ တာဝန်ကျ ရဲအုပ်တစ်ဦးက ဆင်ဟွာသို့ ပြောကြားသည်။
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် ဖြစ်ပွားခဲ့သော ယာဉ်တိုက်မှုအား မီးသတ်တပ်ဖွဲ့ဝင်များ ကယ်ဆယ်ရေးဆောင်ရွက်စဉ် (မီးသတ်ဦးစီးဌာန)

 ယနေ့နံနက် ၇ နာရီ မိနစ် ၅၀ ခန့်က ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၁၇၆/၅)နှင့် (၁၇၆/၆)ကြားတွင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး ယာဉ်ပေါ်ပါ အမျိုးသား (၂)ဦး၊ အမျိုးသမီး (၂)ဦး၊ ကလေး (၂)ဦး စုစုပေါင်း (၆)ဦးအနက် အမျိုးသား (၁)ဦး၊ အမျိုးသမီး (၁)ဦး သေဆုံးခဲ့ကြောင်းသိရသည်။
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင်  ဖြစ်ပွားခဲ့သော ယာဉ်တိုက်မှုအား မီးသတ်တပ်ဖွဲ့ဝင်များ ကယ်ဆယ်ရေးဆောင်ရွက်စဉ် (မီးသတ်ဦးစီးဌာန)

 အလားတူ ယနေ့ နံနက် ၈ နာရီတွင် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၃၃၃/၆)အနီးတွင် မော်တော်ယာဉ် (၁)စီးသည် လမ်းချော်၍ လမ်းလယ်ကျွန်းအား ကျော်တက်ကာ ဘယ်ရီယာတုံးများအား ဝင်တိုက်ရာမှ တိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး ယာဉ်ပေါ်ပါ အမျိုးသား (၂)ဦး၊ အမျိုးသမီး (၄)ဦးအနက် အမျိုးသား (၁)ဦး၊ အမျိုးသမီး (၂) ဦး သေဆုံးပြီး အမျိုးသား (၁)ဦး၊ အမျိုးသမီး (၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းနှင့် ဒဏ်ရာရသူများကို တံတားဦးဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

 ထို့ပြင် ယနေ့ နံနက် ၈ နာရီတွင် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၁၂၅/၂)နှင့် (၁၂၅/၃)ကြားတွင် မော်တော်ယာဉ်(၁)စီး ရှေ့ယာဘီးပေါက်၍ လမ်းလယ်ကျွန်းအား ဝင်တိုက်မှုဖြစ်ပွားခဲ့ကြောင်း နှင့် ယာဉ်ပေါ်ပါ အမျိုးသား (၁)ဦးမှာ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရသည်။

(Xinhua)
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် မိနစ်ပိုင်းအတွင်း ယာဉ်တိုက်မှုများဖြစ်ပွားပြီး လူ ၅ ဦးသေဆုံး ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် မိနစ်ပိုင်းအတွင်း ယာဉ်တိုက်မှုများဖြစ်ပွားပြီး လူ ၅ ဦးသေဆုံး Reviewed by THITHTOOLWIN on 17:28 Rating: 5

No comments:

Powered by Blogger.