အိမ်ဖြူတော်နားမှာ ပစ်ခတ်မှုဖြစ်လို့ သမ္မတထရမ့်ကို အစောင့်အရှောက်နဲ့ ခေါ်ထုတ်

သတင်းစာရှင်းလင်းပွဲ လုပ်နေရာ စင်မြင့်ဆီ ထောက်လှမ်းရေးအဖွဲ့ဝင်တစ်ဦး တက်လာပြီး သမ္မတထရမ့်နားနားကပ် တစ်ခုခု ပြောခဲ့

အမေရိကန်အစိုးရရဲ့ အိမ်ဖြူတော် အပြင်ဘက်မှာ လက်နက်ကိုင်ဆောင်ထားတယ် ဆိုတဲ့ အမျိုးသားတစ်ဦးကို အမေရိကန်ထောက်လှမ်းရေးအဖွဲ့က ပစ်ခတ် ဖမ်းဆီး၊ ဒဏ်ရာရခဲ့အပြီးမှာ သမ္မတ ထရမ့်ကို အစောင့်အရှောက်တွေက သတင်းစာရှင်းလင်းပွဲကနေ အပြင်ကို ခေါ်ထုတ်သွားခဲ့ကြပါတယ်။


အိမ်ဖြူတော်ဝင်းအပြင်ဘက် တစ်ဘလောက်အကွာလောက်မှာ အဲဒီလူက ရဲအရာရှိတစ်ဦးဆီ ရန်လိုတဲ့ပုံနဲ့ ပြေးလာတဲ့အတွက် ရဲအရာရှိက သေနတ်နဲ့ ပစ်ခတ်တားဆီးခဲ့တာလို့ ထောက်လှမ်းရေးအဖွဲ့က ပြောပါတယ်။


အဲဒီနောက်မှာ ထောက်လှမ်းရေးတစ်ယောက်က သမ္မတထရမ့် သတင်းစာရှင်းလင်းပွဲ လုပ်နေတဲ့ စင်မြင့်ပေါ် တက်လာပြီး သမ္မတထရမ့်ကို ခေါ်ထုတ်သွားပါတယ်။


မိနစ်ပိုင်းအကြာမှာ သမ္မတထရမ့် ပြန်ရောက်လာပြီး အခြေအနေကို ထိန်းချုပ်နိုင်ပြီလို့ ပြောပါတယ်။


ဒီဖြစ်ရပ်ဟာ အိမ်ဖြူတော်ဝင်းအပြင်ဘက်က ၁၇ လမ်းနဲ့ ပန်ဆီလ်ဗေးနီးယား အက်ဗန်းနယူးလမ်း အကြားဒေါင့်မှာ ဖြစ်ပွားခဲ့တာလို့ အမေရိကန် ထောက်လှမ်းရေးအဖွဲ့က ပြောပါတယ်။


အမည်မဖော်ပြတဲ့ အသက် ၅၁ နှစ်အရွယ် အဲဒီအမျိုးသား ရဲအရာရှိနား ရောက်လာပြီး သူ့မှာ လက်နက်တွေ ပါတယ်လို့ ပြောခဲ့ကြောင်း၊ သေနတ်နဲ့ ပစ်ခတ် တိုက်ခိုက်နိုင်တယ်လို့ ယူဆတာကြောင့် ရဲအရာရှိက အဲဒီလူရဲ့ ကိုယ်ခန္ဓာပိုင်းကို ပစ်ခတ် တားဆီးခဲ့တာ ဖြစ်ကြောင်း အမေရိကန် ထောက်လှမ်းရေးအဖွဲ့က ပြောပါတယ်။


အဲဒီလူမှာ တကယ်ပဲ လက်နက်ပါ မပါ ဆိုတာကိုတော့ ထုတ်ဖော် မပြောသွားပါဘူး။ ရဲအရာရှိကိုရော၊ အဲဒီလူကိုပါ ဆေးရုံ တင်ပို့ထားပြီး အခင်းဖြစ်ချိန်မှာ အိမ်ဖြူတော်ဝင်းထဲ ကျူးကျော် ဝင်ရောက်ခံရမှုမျိုး မရှိခဲ့ဘူးလို့ ဆိုပါတယ်။


သမ္မတထရမ့်နဲ့ သူ့ဝန်ထမ်းတွေကို ခေါ်ထုတ်သွားချိန်မှာ သတင်းစာရှင်းလင်းပွဲ အခန်းကို သော့ခတ် ပိတ်ထားလိုက်ပြီး သတင်းထောက်တွေက အထဲထဲမှာ နေနေခဲ့ရပါတယ်။


၉ မိနစ်အကြာမှာ သမ္မတထရမ့် ပြန်ရောက်လာပြီး "မသင်္ကာဖွယ် လူတစ်ယောက်ကို ရဲက သေနတ်နဲ့ ပစ်ခတ်ခဲ့တယ်" လို့ ပြောပြပါတယ်။


အဲဒီလူက သူ့အပေါ် မကောင်းကြံစိတ်နဲ့ တစ်ခုခု လုပ်ဖို့ ဟုတ်မဟုတ် သူအသေအချာ မသိဘူးလို့လည်း သမ္မတထရမ့်က ပြောပါတယ်။


ဒီဖြစ်ရပ်ကြောင့် ကြောက်ရွံ့ တုန်လှုပ်သွားသလားလို့ သတင်းထောက်တစ်ဦးက မေးခဲ့ရာမှာ သမ္မတထရမ့်က "ကျွန်တော် ကြောက်နေတဲ့ပုံ ပေါက်နေလို့လား" လို့ ပြန်မေးခွန်း ထုတ်ခဲ့ပါတယ်။


"ကမ္ဘာကြီးမှာ ဒီလို ဖြစ်နေကျပါပဲ။ ကမ္ဘာကြီးဟာ အန္တရာယ်များတဲ့ နေရာတစ်ခုပါ။ အရမ်းထူးခြားတဲ့ ဖြစ်ရပ်မျိုးတော့ မဟုတ်ပါဘူး" လို့ သူက ပြောပါတယ်။


အမျိုးသားတစ်ဦး ဒဏ်ရာအကြီးအကျယ် ရထားပြီး အခြေအနေ စိုးရိမ်ကောင်း စိုးရိမ်ရတယ်လို့ ကိုလမ်ဘီယာ ခရိုင် မီးသတ်အဖွဲ့က ပြောကြောင်း AP သတင်းဌာနက ကိုးကားဖော်ပြထားပါတယ်။


အဲဒီလူမှာ စိတ်ဝေဒနာ ရောဂါသမိုင်းကြောင်း ရှိမရှိ ဆိုတာ အာဏာပိုင်တွေက စုံစမ်းနေတယ်လို့လည်း AP သတင်းမှာ ဖော်ပြထားပါတယ်။


BBC Burmese

https://www.bbc.com/burmese/world-53741043

အိမ်ဖြူတော်နားမှာ ပစ်ခတ်မှုဖြစ်လို့ သမ္မတထရမ့်ကို အစောင့်အရှောက်နဲ့ ခေါ်ထုတ်  အိမ်ဖြူတော်နားမှာ ပစ်ခတ်မှုဖြစ်လို့ သမ္မတထရမ့်ကို အစောင့်အရှောက်နဲ့ ခေါ်ထုတ် Reviewed by THITHTOOLWIN on 23:42 Rating: 5

No comments:

Powered by Blogger.