ထိုင်းနိုင်ငံထဲတရားမဝင် ဝင်ရောက်လာသူ မြန်မာနိုင်ငံသား ၄၀ ဖမ်းမိ

သြဂုတ်လ၁၁ရက်နေ့က နကွန်ဖနုံခရိုင်မှာ ဖမ်းမိတဲ့ မြန်မာနိုင်ငံသားများ


ထိုင်း-မြန်မာနယ်စပ်မှာ ကိုဗစ်ကာလ ကန့်သတ်ပိတ်ဆိုနေတဲ့ကြားက မြန်မာတွေ ၄၀နီးပါး ဖမ်းမိတာကြောင့်် တချိုကိုတော့လူကုန်ကူးမူဥပဒေနဲ့ စစ်ဆေးမူတွေလုပ်နေပါတယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအေးအေးမာက ထိုင်းမြန်မာနယ်စပ်ကနေ သတင်းပေးပို့ထားပါတယ်။


ထိုင်း-မြန်မာနယ်စပ် တာခ့်ခရိုင် ၊တန်ဆောင်ရန်းမြိုနယ် ၊ဘန့်မဲတန် အမှတ်(၁) ကျေးရွာအနီးမှာ သြဂုတ်လ ၁၃ရက်နေ့ညက တရားမဝင် မြန်မာနိုင်ငံသားတွေ တင်ဆောင်မောင်းလာတဲ့ ငွေရောင်ပစ်ကပ်ကားတစ်စီးဟာ စစ်ဆေးဖို့အတွက် တားဆီးခဲ့ရာမှာ ကားမောင်းသူဟာ နယ်ခြားစစ်ဆေးရေးဂိတ်ကို ဖြတ်မောင်းပြေးသွားခဲ့တာပါ။ ဒီအတွက် ရဲတပ်ဖွဲ့ဝင်တွေဟာ ကားနောက်ကို တနာရီကျော်ကြာ လမ်းတွေပိတ်ဆို ဖမ်းဆီးခဲ့ရကြောင်း တန်ဆောင်ရန်းမြို့နယ် ရဲအရာရှိ Sangkhat TadSo က ထုတ်ဖေါ်ပြောဆိုခဲ့ပါတယ်။


မြန်မာနိုင်ငံသားတွေဟာ ကိုဗစ်ကာလ အတားအဆီးတွေကြားက နေစဉ်ဖမ်းဆီးခံနေရကြောင်း AAC အလုပ်သမားကူညီရေး အဖွဲ့ရဲ့ပြောရေးဆိုခွင့်ရှိသူ ကိုရဲမင်းကလည်း အခုလိုပြောပါတယ်။


“ကျနော်တို့မနေ့က ညက မြန်မာနိုင်ငံထဲကနေ ထိုင်းနိုင်ငံထဲကိုခိုးဝင်တဲ့ မြန်မာနိုင်ငံသား ၁၄ယောက် တန်ဆောင်ရမ်း ခရိုင်ထဲမှာ ဖမ်းမိတယ်။ ကားမောင်းသမားက ထိုင်းတောင်ပေါ်တိုင်းရင်းသား လက်မှတ်ကိုင်ဆောင် ထားတယ်။ နောက်ထပ် မယ်ဆောက်ဘက်မှာနောက်ထပ် မြန်မာနိုင်ငံသား ၅ဦးထပ်မိတယ်။ မနေ့က အတိုင်းအတာမှာ ၁၄ယောက်တဖွဲ့၅ယောက် တဖွဲ့ဖမ်းမိတယ် ။ ဒါက ကျနော်တို့ သိထားတဲ့သတင်း တခြားတွေလည်း ရှိဦးမှာပါ။ အခုက ဒီ COVID ကာလမှာ ကျနော်တို့ မြန်မာနိုင်ငံသားတွေက နေ့စဉ် ခိုးဝင်နေတယ် ထိုင်းဘက်ကလည်း ကြပ်ကြပ်မတ်မတ်ဖမ်းဆီးနေတော့ နေ့စဉ်လိုလို ဖမ်းမိနေတဲ့ သဘောပေါ့။”


တန်ဆောင်ရန်းဘက်ကနေ မြန်မာနိုင်ငံသားတွေကို သယ်ဆောင်လာတဲ့ ကားမောင်းသူဟာ ထိုင်းတောင်ပေါ်သား လက်မှတ်ကိုင်ဆောင်ထားသူ အသက်(၂၄)နှစ် အရွယ် ကိုသစ် ဆိုသူဖြစ်ပြီး ကားပေါ်မှာ အထောက်အထား စာရွတ်စာတမ်းမရှိတဲ့ မြန်မာနိုင်ငံသား ၁၄ ဦး လိုက်ပါလာတာ စစ်ဆေးတွေ့ရှိခဲ့တာကြောင့် ထိုင်းအာဏာပိုင်တွေက လူကုန်ကူးဆိုင်ရာ မှုခင်းဥပဒေနဲ့ အရေးယူဆောင်ရွက်ဖို့ အတွက်ခရိုင်ရဲစခန်းမှာ ဆက်လက်စစ်ဆေးနေပါတယ်။


ရဲတပ်ဖွဲ့ရဲ့ စစ်ဆေးတွေ့ရှိချက်တွေအရ ကိုသစ် ဟာ တန်ဆောင်ရမ်းဒေသမှာ အကြိမ်ကြိမ် လူကုန်ကူး နေသူ ၊လူတွေပို့ပေးနေသူဖြစ်ပြီး နယ်စပ်ကနေ ပွဲစားတွေ လာခေါ်မယ့် နေရာအထိ ပို့ဆောင်ပေးခဲ့တာပါ။ မြန်မာနိုင်ငံသားတွေကတော့ ထိုင်းနိုင်ငံမှာ အလုပ်ရဖို့အတွက် တစ်ဦးကို ဘတ်ငွေ ၁၅၀၀၀ စီပေးပြီး မြန်မာနိုင်ငံဘက် နယ်စပ်တောလမ်းတွေကနေ အလုပ်ပွဲစားတွေ ကနေခေါ်ဆောင်လာခဲ့ကြတာလို့ဆိုပါတယ်။



နိုင်ငံနယ်စပ် မိုးရေးမြစ်ကိုဖြတ်ကျော်လာခဲ့ကြတဲ့ မြန်နိုင်ငံသားတွေကို လူမှောင်ပွဲစားတွေက ထိုင်းနိုင်ငံဘက် ကနေ ကားတွေနဲ့ လာရောက်ခေါ်ဆောင်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ သြဂုတ် ၁၁ရက်ရက်နေ့ကလည်း နခွန်ဖနုံဖရိုင်မှာလည်း ခိုးဝင်နေထိုင်နေတဲ့မြန်မာနိုင်ငံသား ၂၁ဦးကိုဖမ်းမိခဲ့ပါတယ်။


အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနက ဇွန်လထဲမှာ ထုတ်ပြန်ခဲ့တဲ့ ကမ္ဘာတဝန်းက လူကုန်ကူးမှုဆိုင်ရာ အစီရင်ခံစာမှာတော့ မြန်မာနိုင်ငံဟာ လူကုန်ကူးမှု တိုက်ဖျက်ရေးအတွက် ထိထိရောက်ရောက် ဆောင်ရွက်မှုမရှိတဲ့ အနိမ့်ဆုံးအဆင့် နိုင်ငံစာရင်းမှာ ထည့်သွင်းဖော်ပြခဲ့တာပါ။


မြန်မာလူမျိုးတွေနဲ့ ဆက်စပ်ပြီး လူကုန်ကူးမူအများဆုံးဖြစ်နေတဲ့ ထိုင်းနိုင်ငံကတော့ tire 2 စောင့်ကြည့်အဆင့်ထဲမှာပဲ ထည့်သွင်းထားဆဲ ဖြစ်ပါတယ်။ 


အေးအေးမာ  / ဗွီအိုအေ ( မြန်မာပိုင်း)

https://burmese.voanews.com/a/thai-myanmar-illegal-migrant-covid-arrested-/5544096.html

ထိုင်းနိုင်ငံထဲတရားမဝင် ဝင်ရောက်လာသူ မြန်မာနိုင်ငံသား ၄၀ ဖမ်းမိ ထိုင်းနိုင်ငံထဲတရားမဝင် ဝင်ရောက်လာသူ မြန်မာနိုင်ငံသား ၄၀ ဖမ်းမိ Reviewed by THITHTOOLWIN on 02:54 Rating: 5

No comments:

Powered by Blogger.