ကျောက်တော်မြို့နယ် အပေါက်ဝရွာအနီး မိုင်းပေါက်ကွဲမှုဖြစ်၊ ပစ်ခတ်မှုဖြစ်ပွား၍ နယ်မြေခံရဲစခန်းမှူးထိခိုက်ဒဏ်ရာရ၊ အမျိုးသမီးများအပါအဝင်ရွာသားများ ခေါ်ယူစစ်ဆေးခံရ



နိရဉ်စရာ၊ သွဂုတျ ၉/ ၂ဝ၂ဝ


ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်၊ အပေါက်ဝကျေးရွာ ကားလမ်းအနီးတွင် ယနေ့နံနက် ၁ဝ နာရီ ကျော်က မိုင်းပေါက်ကွဲမှုတစ်ခုဖြစ်ပွားပြီးနောက် တပ်မတော်စစ်ကြောင်းမှ တုံ့ပြန် ပစ်ခတ်မှုများ ပြုလုပ်ခဲ့သည်ဟု သတင်းရရှိသည်။ ပစ်ခတ်မှု ဖြစ်စဉ်အတွင်း အပေါက်ဝကျေးရွာ နယ်မြေခံရဲစခန်းမှ စခန်းမှူးမှာ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အမျိုးသမီးများ အပါအဝင် ကျေးရွာသား ၅ဝ ကျော်ခန့် ခေါ်ယူ စစ်ဆေးခဲ့ရသည်ဟု ဒေသခံများက ပြောသည်။

ထိခိုက်ဒဏ်ရာရရှိသူမှာ အပေါက်ဝစခန်းမှူးဖြစ်သူ ရဲအုပ်ဇော်မင်းထွန်းဖြစ်ကြောင်း၊ သို့သော်လည်း ဒဏ်ရာမှာ စိုးရိမ်စရာမရှိကြောင်း ကျောက်တော်မြို့နယ်ရဲတပ်ဖွဲ့မှ ဒုရဲမှူး ကျော်သူထွန်းက အတည်ပြု ပြောကြားသည်။

" မှန်ပါတယ်။စခန်းမှူးထိထားတာလည်းဟုတ်ပါတယ်။ သူ့ကို တပ်ဆေးရုံကိုပို့ဖို့စီစဉ်နေပါတယ်။ အခုထိတော့ အပေါက်ဝမှာပဲရှိသေးတယ်။ ဒဏ်ရာအခြေနေက စိုးရိမ်စရာမရှိဘူး။ ဘယ်နေရာမှာ ထိလဲ။ ဘယ်လိုထိလဲဆိုတာ အသေးစိတ်မသိရသေးပါဘူး"ဟု ၎င်းက ပြောသည်။

ယနေ့နံနက် ၁ဝ နာရီကျော်က အပေါက်ဝရွာတောင်ဘက် ကားလမ်းအနီးရှိ ကုက္ကိုလ်ပင်အောက်တွင် စစ်သားများစုနေကြစဉ် မိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ မိုင်းပေါက်သံကို အကျယ်ကြီး တစ်ချက်ကြားရကြောင်း၊ ၎င်းနောက် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ရွာသား ၅ဝ ကျော်ခန့် ခေါ်ဆောင် ခံခဲ့ရကြောင်း ဖမ်းဆီးခေါ်ဆောင်ခံရသူ အသက် ၆ဝအရွယ် ဒေါ်တိုင်းလုံးစိန်၏ ဆွေမျိုးတော်စပ်သူ အမည်မဖော်လိုသူက ပြောသည်။

" ကျွန်တော်က စျေးနား ရောက်နေတဲ့ အဲဒီအချိန်မှာပေါက်သံတစ်ချက် အကျယ်ကြီးကြားရတယ်။ နောက်ပစ်ခတ်သံတွေဆက်တိုက်ကြားတယ်။ လက်နက်ကြီးရော လက်နက်ငယ်ရောပဲ။ ရွာထဲက အိမ်တစ်ချို့လည်း ကျည်ထိမှန်ခဲ့ပါတယ်။  ကျွန်တော့ အစ်ကိုရဲ့ မိန်းမ ဒေါ်တိုင်းလုံးစိန် အသက် ၆ဝကျော်ကိုလည်း ဖမ်းခေါ်သွားခဲ့တယ်။ စခန်းမှူးမှာလည်း သေနတ်ကျည်ထိသွားတယ်လို့ကြားတယ်။ ပြီးတော့ ညနေ ၄နာရီလောက်မှာ ဖမ်းထားတဲ့ အမျိုးသမီးတွေကို အကုန်လွှတ်ပေးလိုက်တယ်။ ရွာသားသုံးဦးကိုတော့ ဆက်ဖမ်းထားတယ်လို့ သိရပါတယ်။ ရွာသားတွေလည်း ရွာကနေ ကြောက်ပြီး ထွက်ပြေးနေကြတယ်"ဟု သူကပြောသည်။

ဖမ်းဆီးခံရသည့်  ရွာသားသုံးဦးမှာ ဦးမောင်ညွှန့်လှိုင် (၄ဝ) နှစ်၊ ဦးအထွန်း (၃၈) နှစ်နှင့် ဦးမောင်သန်းလှ (၄၇) နှစ်တို့ဖြစ်ပြီး ကြိုးဖြင့်ချည်ထားသည်ဟု ၎င်းက ပြောဆိုသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းသန့်နှင့် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဌ ဗိုလ်ချုပ်ထွန်းထွန်းညီ၊ အတွင်းရေးမှူး ဗိုလ်မှုးချုပ်ဇော်မင်းတို့အား ဆက်သွယ်ရာ ဆက်သွယ်မှု မရရှိသေးပါ။

အိမ်စိုးဖြူ

Narinjara

https://www.facebook.com/narinjara.info

ကျောက်တော်မြို့နယ် အပေါက်ဝရွာအနီး မိုင်းပေါက်ကွဲမှုဖြစ်၊ ပစ်ခတ်မှုဖြစ်ပွား၍ နယ်မြေခံရဲစခန်းမှူးထိခိုက်ဒဏ်ရာရ၊ အမျိုးသမီးများအပါအဝင်ရွာသားများ ခေါ်ယူစစ်ဆေးခံရ  ကျောက်တော်မြို့နယ် အပေါက်ဝရွာအနီး မိုင်းပေါက်ကွဲမှုဖြစ်၊ ပစ်ခတ်မှုဖြစ်ပွား၍ နယ်မြေခံရဲစခန်းမှူးထိခိုက်ဒဏ်ရာရ၊ အမျိုးသမီးများအပါအဝင်ရွာသားများ ခေါ်ယူစစ်ဆေးခံရ Reviewed by THITHTOOLWIN on 23:32 Rating: 5

No comments:

Powered by Blogger.