အငြင်းပွားနေတဲ့ နယ်စပ်တစ်လျှောက် အိန္ဒိယနဲ့ တရုတ်တို့ လမ်းတံတားတွေ အပြိုင်ဆောက်နေ

အိန္ဒိယ အစိုးရက လာဒက်ခ်ဒေသမှာ လမ်းတွေ၊ တံတားတွေ အများအပြားဆောက်နေ

အိန္ဒိယ အစိုးရက လာဒက်ခ်ဒေသမှာ လမ်းတွေ၊ တံတားတွေ အများအပြားဆောက်နေ


အိန္ဒိယနဲ့ တရုတ်နိုင်ငံက နှစ်နိုင်ငံအကြား သူပိုင်ကိုယ်ပိုင် အငြင်းပွားနေတဲ့ ဟိမဝန္တာ နယ်စပ်တစ်လျှောက်မှာ လမ်းတံတား၊ အဆောက်အအုံတွေ အပြိုင်အဆိုင် ဆောက်ဖို့ ကြိုးစားနေကြပါတယ်။

တောင်ထိပ်အမြင့်မှာ ရှိတဲ့ လေတပ်အခြေစိုက်စခန်းတစ်ခုအတွက် အိန္ဒိယက လမ်းသစ်ဖောက်ခဲ့တာဟာ ပြီးခဲ့တဲ့လက တရုတ်တပ်ဖွဲ့တွေနဲ့ ထိပ်တိုက်ရင်ဆိုင်မှုကို ဖြစ်စေတဲ့ အဓိကအကြောင်းရင်း တစ်ခု ဖြစ်ပါတယ်။ အဲဒီ ထိပ်တိုက်ရင်ဆိုင်မှု အတွင်း အိန္ဒိယတပ်ဖွဲ့ဝင် အနည်းဆုံး၂၀ သေဆုံးခဲ့ပါတယ်။

လာဒက်ခ်ဒေသက ၂၂၅ ကီလိုမီတာ ရှည်လျားတဲ့ အဲဒီ ဒါဘွတ် ရှယွတ် ဒေါင်လက် ဘက် အိုလ်ဒီ (DSDBO) လမ်းမကြီးဟာ တောင်ကို ကွေ့ပတ်ပြီး ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၅၀၀၀ ကျော်မှာ ရှိတဲ့ ကမ္ဘာ့အမြင့်ဆုံး လေယာဉ်ကွင်းဆီ သွယ်တန်း ဖောက်လုပ်ထားတာပါ။ ဆယ်စုနှစ် နှစ်ခုနီးပါး ဆောက်ခဲ့ရပြီး မနှစ်ကမှ ဆောက်လုပ် ပြီးစီးခဲ့တာပါ။

ဒီလမ်းမကြီးကြောင့် အိန္ဒိယဘက်က တပ်ဖွဲ့ဝင်တွေနဲ့ စစ်ပစ္စည်းတွေကို တိုက်ပွဲနေရာဆီ အမြန် ပို့ပေးနိုင်စွမ်း ရှိလာတော့မှာပါ။

လာဒက်ခ်ဒေသ ဂါလ်ဝန်တောင်ကြားမှာ ဇွန်လ ၁၅ ရက်နေ့က ဖြစ်ခဲ့တဲ့ ထိပ်တိုက်ရင်ဆိုင်မှုကြောင့် နျူကလီးယား အင်အားကြီး နှစ်နိုင်ငံအကြား တင်းမာမှုတွေ မြင့်တက်လာမှာကို စိုးရိမ်နေကြပါတယ်။

သူတို့နှစ်နိုင်ငံဟာ ကီလိုမီတာ ၃၅၀၀ ရှည်လျားတဲ့ နယ်စပ်ကို ပိုင်နက်မျဉ်း အတိအကျ သတ်မှတ်ရေးနဲ့ ပတ်သက်လို့ သဘောတူချက် မရနိုင် ဖြစ်နေကြပြီး ကမ္ဘာ့ အကြီးဆုံး စစ်တပ်ကြီးနှစ်ခု ဖြစ်တဲ့ သူတို့ရဲ့ တပ်ဖွဲ့တွေဟာ နယ်စပ်ဒေသ လျှိုမြောင် တောင်ကြားတွေတစ်လျှောက် နေရာအတော်များများမှာ ထိပ်တိုက်ရင်ဆိုင်မှုတွေ ဖြစ်လေ့ရှိပါတယ်။

နှစ်နိုင်ငံအကြား တရားဝင်မဟုတ်ပေမဲ့ နားလည်မှုနဲ့ ပိုင်းခြားထားတဲ့ LAC နယ်စပ် ထိန်းချုပ်မျဉ်းတစ်လျှောက်မှာ အိန္ဒိယရော တရုတ်ကပါ ကားလမ်းတွေ၊ ရထားလမ်းတွေ၊ လေယာဉ်ကွင်းတွေဆောက်ဖို့ ငွေအား၊ လူအား အကြီးအကျယ် သုံးနေကြသလို အဲဒီဒေသမှာ သူတို့ရဲ့စစ်ဘက်ဆိုင်ရာ စက်ပစ္စည်းတွေကိုလည်း ခေတ်မီအောင် လုပ်ထားကြပါတယ်။

DSDBO လမ်းမကြီးအပါအဝင် အိန္ဒိယရဲ့ လတ်တလော ဆောက်လုပ်မှု စီမံကိန်းတွေက တရုတ်ကို ဒေါသအမျက် ထွက်စေခဲ့ပုံ ရပါတယ်။ ဒါပေမဲ့ တရုတ်ကိုယ်တိုင်ကလည်း နယ်စပ်တစ်လျှောက်မှာ ဆောက်လုပ်မှုတွေ နှစ်နဲ့ချီ လုပ်လာနေတာပါ။ တစ်ဘက်နဲ့ တစ်ဘက်ရဲ့ ဆောက်လုပ်မှုတွေဟာ နည်းဗျူဟာအရ အားသာချက်ရဖို့ လုပ်နေတာလို့ နှစ်ဘက်စလုံးက မှတ်ယူနေကြပြီး တစ်ဘက်ဘက်က ဆောက်လုပ်ရေးစီမံကိန်းကြီးတစ်ခု လုပ်တော့မယ်လို့ ကြေညာလိုက်တိုင်း တင်းမာမှုတွေ မြင့်တက်လာလေ့ ရှိပါတယ်။

.၂၀၁၇ ခုနှစ် နွေရာသီမှာ လာဒက်ခ်ဒေသ အရှေ့ဖျားပိုင်းက ဒေါ့ခ်လမ်ကုန်းမြင့်မှာ အိမ်နီးချင်း နှစ်နိုင်ငံအကြား ထိပ်တိုက်တွေ့တဲ့ အခြေအနေ ဖြစ်ခဲ့ရပါတယ်။ ဒါဟာလည်း ဆောက်လုပ်မှု ကိစ္စကြောင့် ဖြစ်ခဲ့တာပါ။ ဒီတစ်ခေါက်ကတော့ အိန္ဒိယ၊ တရုတ်နဲ့ ဘူတန် သုံးနိုင်ငံ ဆုံတဲ့ နေရာနားမှာ တရုတ်က နယ်စပ်လမ်းတစ်ခု ချဲ့ဆောက်ဖို့ ကြိုးစားခဲ့လို့ ဖြစ်ပါတယ်။
အိန္ဒိယက အမီလိုက်

၂၀၀၈ ခုနှစ်က ပြန်အသုံးပြုခဲ့တဲ့ အရေးပါတဲ့ ဒေါင်လက် ဘက် အိုလ်ဒီ လေယာဉ်ကွင်းနဲ့ ဒေသန္တရမြို့တော် လေမြို့ကို ဆက်သွယ်ထားတဲ့ DSDBO လမ်းမကြီး ဆောက်လုပ်ပြီးစီးသွားတာဟာ အိန္ဒိယအတွက် စက်ပစ္စည်းကိရိယာတွေ အမြန်သယ်ယူနိုင်စွမ်း ပိုခိုင်မာလာစေပါတယ်။ ရာသီမရွေး အသုံးပြုနိုင်တဲ့ အဲဒီ လမ်းမကြီးဟာ ကာရာကိုရမ် တောင်ကြားလမ်းနဲ့ ကီလိုမီတာ ၂၀ ပဲ ဝေးပြီး လာဒက်ခ် အရှေ့ပိုင်းက LAC နယ်စပ် ထိန်းချုပ်မျဉ်းနဲ့ အပြိုင် ဖောက်လုပ်ထားတာပါ။

ဟိုးအရင်ကတည်းက အိန္ဒိယက သူ့လူတွေကို ဒေါင်လက် ဘက် အိုလ်ဒီမှာ စခန်းချထားခဲ့တာပါ။ ဒါပေမဲ့ လေယာဉ်ကွင်း ပြန်အသုံးမပြုခင်နဲ့ လမ်းမကြီး မပြီးခင်တုန်းကတော့ အဲဒီမှာ စခန်းချနေတဲ့ လူတွေအတွက် ရိက္ခာအထောက်အပံ့တွေကို ရဟတ်ယာဉ်တွေနဲ့ပဲ ချပေးခဲ့ရပါတယ်။ ဘာပစ္စည်းကိရိယာမှ မရွှေ့ပြောင်းနိုင်တဲ့အတွက် အဲဒီလေတပ်စခန်းဟာ စက်ပစ္စည်း စွန့်ပစ်ပုံကြီး တစ်ခုလို ဖြစ်နေခဲ့တာပါ။

အခုအခါ အဲဒီလမ်းမကြီးကို ကုန်းတွင်းပိုင်း ထောက်ပံ့ရေးစခန်းတွေ၊ LAC ထိန်းချုပ်မျဉ်းပေါ်က နယ်စပ်စခန်းတွေနဲ့ ဆက်သွယ်ပေးဖို့ နောက်ထပ် လမ်းတွေ တံတားတွေ ထပ်ဆောက်နေပြီ ဖြစ်ပါတယ်။ အဲဒီအတွက် အိန္ဒိယကင်းစောင့်တပ်ဖွဲ့တွေ ရှေ့ကို ပိုတိုး ချီတက်နိုင်တော့မှာ ဖြစ်ပြီး ဒေသတွင်းမှာ နည်းဗျူဟာပိုင်းအရ အကြီးအကျယ် အသာရသွားစေမှာပါ။
ကမ္ဘာ့အမြင့်ဆုံး ဒေါင်လက် ဘက် အိုလ်ဒီ လေယာဉ်ကွင်းမှာ အိန္ဒိယရဲ့ ပို့ဆောင်ရေးလေယာဉ် အကြီးစားတွေ ဆင်းသက်

လတ်တလောမှာ ထိပ်တိုက်ရင်ဆိုင် တိုက်ပွဲတွေ ဖြစ်ခဲ့တဲ့ကြားကပဲ အိန္ဒိယက သူ့ရဲ့ အခြေခံအဆောက်အအုံကို ပိုတိုးတက်အောင် ဆက်လုပ်သွားမယ့် အရိပ်လက္ခဏာ ပြခဲ့ပါတယ်။ တရုတ်နဲ့ နယ်နမိတ်ချင်း ထိစပ်နေတဲ့ နေရာတွေ အားလုံးနဲ့ လာဒက်ခ်၊ ဟင်မာချာလ် ပရာဒက်ရှ်၊ အတ္တရာခန်း စတဲ့ ဒေသတွေမှာ နယ်စပ်တစ်လျှောက် လမ်းမတွေ ဖောက်ဖို့ နိုင်ငံအရှေ့ပိုင်း ဂျာခန်းပြည်နယ်က အလုပ်သမား ၁၂၀၀၀ ကို အဲဒီကို စေလွှတ်ထားပါတယ်။

အိန္ဒိယအစိုးရဟာ နိုင်ငံရဲ့ အခြေခံအဆောက်အအုံကို နှစ်ပေါင်းများစွာ လစ်လျူ ရှူထားခဲ့ရာကနေ အခုတော့ ထောက်ပံ့ပို့ဆောင်ရေးဘက်ပိုင်းမှာ တရုတ်က အားသာနေတာကို အမီလိုက်ဖို့ နယ်စပ်ဒေသ တိုးတက်ရေးကို တက်သုတ်ရိုက် ကြိုးပမ်းလာနေတာပါ။ ဒေသတွင်းမှာ ဧရာမ ကားလမ်းနဲ့ မီးရထားလမ်း ဆောက်လုပ်ရေး စီမံကိန်းကြီးတစ်ခုကို စတင် လုပ်နေပါပြီ။

LAC နယ်စပ် ထိန်းချုပ်မျဉ်းရဲ့ အိန္ဒိယနိုင်ငံဘက်ခြမ်းက နယ်ပယ်အသီးသီးမှာ မဟာဗျူဟာအရ အရေးပါတဲ့ လမ်းမ စုစုပေါင်း ၇၃ ခုနဲ့ တံတား ၁၂၅ ခု ဆောက်ဖို့ အစိုးရက စီစဉ်ခဲ့ပါတယ်။ ဒါပေမဲ့ လည်း အကောင်အထည်ဖော်မှုက နှေးကွေးခဲ့ပါတယ်။ လောလောဆယ် လမ်းမ ၃၅ ခုလောက်ပဲ ဖောက်လုပ်ပြီးစီးခဲ့ပါတယ်။ အဲဒီထဲက အရေးပါတဲ့ လမ်းမတွေကတော့ အတ္တရာခန်းပြည်နယ်က ဂါတီဘဂါး-လီပူလက်ခ် လမ်းမကြီးနဲ့ အရူနာချာလ် ပရာဒက်ရှ်ပြည်နယ်က ဒမ်ပင်း-ယန်ဇီ လမ်းမကြီးတွေ ဖြစ်ကြပါတယ်။ နောက်ထပ် လမ်းမ ၁၁ ခုကို အခုနှစ်ကုန် မတိုင်ခင် ဖောက်လုပ်ဖို့ အစီအစဉ် ဆွဲထားပါတယ်။

အိန္ဒိယအစိုးရဟာ မစ်စာမာရီ-တန်ဂါ-တာဝမ် ရထားလမ်းနဲ့ ဘီလက်စ်ပူရ်-မာနာလီ-လေ ရထားလမ်းတွေ အပါအဝင် နည်းဗျူဟာအရ အရေးပါတဲ့ ရထားလမ်း ၉ လမ်း ဖောက်လုပ်ဖို့ကိုလည်း အတည်ပြုထားပါတယ်။ ဒီရထားလမ်းတွေဟာ တရုတ်နိုင်ငံနဲ့ ကပ်ရပ် နယ်စပ်တလျှောက်မှာ ဖောက်လုပ်မှာ ဖြစ်ပြီး နယ်စပ်မှာ နေရာချဖို့ သံချပ်ကာယာဉ် စစ်လက်နက်ယန္တရားကြီးတွေကို အိန္ဒိယစစ်တပ်က သယ်ဆောင်ပေးနိုင်တော့မှာ ဖြစ်ပါတယ်။
အိန္ဒိယက တရုတ်နယ်စပ်တစ်လျှောက်မှာ ကားလမ်းတွေ အလျင်အမြန် ဖောက်လုပ်နေ

လေကြောင်းပျံသန်းမှုပိုင်း ဆိုင်ရာကို ကြည့်ရင်တော့ အိန္ဒိယမှာ LAC နယ်စပ် ထိန်းချုပ်မျဉ်းတစ်လျှောက် လေယာဉ်ကွင်း ၂၅ ခု ရှိပါတယ်။ ဒါပေမယ့် လတ်တလောမှာ ခေတ်မီလေယာဉ် ဆင်းသက်နိုင်မယ့် မြေနေရာ ကွန်ရက်ကို တိုးချဲ့ဖို့ အိန္ဒိယအစိုးရက အာရုံစိုက် လုပ်ဆောင်နေပါတယ်။

၂၀၁၈ ခုနှစ်မှာ အိန္ဒိယအစိုးရက သူ့ရဲ့ လက်ရှိ ခေတ်မီလေယာဉ်ကွင်း ၈ ခုကို ပိုခေတ်မီတိုးတက်အောင် လုပ်မယ်၊ နောက်ထပ် ခေတ်မီလေယာဉ်ကွင်းအသစ် ၇ ခုကိုလည်း နယ်စပ်နဲ့ ကပ်နေတဲ့ နေရာတွေမှာ ထပ်ဆောက်မယ်လို့ ထုတ်ဖော် ကြေညာခဲ့ပါတယ်။

တရုတ်နဲ့ ကပ်ရပ် နိုင်ငံအရှေ့ဘက် နယ်စပ်ဒေသတစ်လျှောက်က အာသံပြည်နယ်မှာ အရေးပါတဲ့ ချာဘူအာ အိန္ဒိယလေတပ်စခန်းမှာ Sukhoi-30 အမျိုးအစား ခေတ်မီ တိုက်လေယာဉ်တွေနဲ့

Chetak ရဟတ်ယာဉ်တွေ ထားထားပါတယ်။ အဲဒီလေတပ်စခန်းကို မကြာသေးခင်ကပဲ ပြန်ပြုပြင်ပြီး ခေတ်မီအောင် ပြန်တည်ဆောက်ထားပါတယ်။

မကြာသေးခင် နှစ်ပိုင်းတွေအတွင်း တိုးတက်မှုတွေ ရှိခဲ့ပေမဲ့ အိန္ဒိယရဲ့ ဆောက်လုပ်ရေးကြိုးပမ်းမှုတွေဟာ နယ်မြေ ကြမ်းတမ်းမှု၊ မြေယာပိုင်ဆိုင်မှု ပြဿနာ၊ ဗျူရိုကရေစီ ကြိုးနီစနစ်ကြောင့် နှောင့်နှေးမှုနဲ့ ဘတ်ဂျက်အသုံးစရိတ် အကန့်အသတ်တွေကြောင့် ခက်ခဲ ကြန့်ကြာနေခဲ့ပါတယ်။အဲဒီအတွက် တရုတ်ကို အမီလိုက်နိုင်ဖို့ အများကြီး လုပ်ဖို့ လိုနေပါသေးတယ်။

တရုတ်က တာထွက်ကောင်းခဲ့

တရုတ်က သူတို့ရဲ့ ဆောက်လုပ်ရေး စွမ်းအားတွေကို နယ်စပ်တစ်လျှောက် ရှေ့တန်း လေတပ်စခန်းတွေ၊ စစ်စခန်းတွေနဲ့ တခြား အခြေခံအဆောက်အအုံ ပါဝင်တဲ့ ကွန်ရက်တစ်ခု တည်ဆောက်ဖို့ အခုနှစ်ပိုင်းအတွင်း အသုံးပြုခဲ့ပါတယ်။

တရုတ်အစိုးရက ၁၉၅၀ ပြည့်လွန်နှစ်တွေလောက်ကတည်းက ဟိမဝန္တာဒေသမှာ လမ်းမကြီးတွေ စဖောက်ခဲ့တာ ဖြစ်ပြီး အခုအခါ တိဘက်နဲ့ ယူနန်ပြည်နယ်မှာ ကျယ်ပြန့်တဲ့ ကားလမ်းနဲ့ ရထားလမ်း ကွန်ရက် တစ်ခု တည်ဆောက်ထားပြီး ဖြစ်ပါတယ်။

၂၀၁၆ ခုနှစ်ကစလို့ တရုတ်က အိန္ဒိယ၊ ဘူတန်၊ နီပေါ စတဲ့ နိုင်ငံတွေနဲ့ ကပ်ရပ် နယ်စပ်နားက ဒေသတွေဆီ ဆက်သွယ်ရေးလမ်းကြောင်းတွေ တိုးမြှင့် ဖောက်လုပ်ရာမှာ ငွေတွေ ပုံအော ရင်းခဲ့ပါတယ်။

ရှင်ဂျန်း-တိဘက် လမ်းမကြီးနဲ့ G219 နေရှင်နယ် အဝေးပြေးလမ်းမကြီးကို ဆက်သွယ်ဖို့ စီစဉ်နေပါတယ်။ အဲဒီ အဝေးပြေး လမ်းမကြီးဟာ တရုတ် အိန္ဒိယ နယ်စပ်တစ်လျှောက်လုံးနီးပါး ရှည်လျားပါတယ်။ အိန္ဒိယနိုင်ငံ အရူနာချာလ် ပရာဒက်ရှ်ပြည်နယ် အနားက မီဒေါ့နဲ့ ဇာယု ကွန်ကရိလမ်းမကြီးကို အခုနှစ်ကုန် မတိုင်ခင် အပြီးသတ် ဖောက်လုပ်နိုင်မယ်လို့ တရုတ်က ပြောနေပါတယ်။

ဒါ့အပြင် တိဘက်ရဲ့ ဒုတိယအကြီးဆုံးမြို့ ဖြစ်တဲ့ ရှီဂက်စ်မြို့နဲ့ ချန်ဒူမြို့အကြား ရထားလမ်းသစ်တစ်ခုကိုလည်း အိန္ဒိယနယ်စပ်နားက နင်းချိမြို့ကနေ ဖြတ်ပြီး ဆောက်လုပ်နေပါတယ်။

တစ်ခါ မေလအစပိုင်းက အိန္ဒိယနဲ့ တရုတ် တပ်ဖွဲ့တွေအကြား တိုက်ပွဲငယ်တစ်ခု ဖြစ်ခဲ့ရာ အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း ဟိမဝန္တာဒေသ ဆစ်ကင်မ်ပြည်နယ်နားက ကုန်သွယ်ရေးအချက်အချာ ယာဒေါင်းမြို့နဲ့ ရှီဂက်စ်မြို့အကြားမှာလည်း နောက်ထပ် ရထားလမ်းတစ်ခု ဖောက်ဖို့ စီစဉ်နေပါတယ်။
လျှိုမြောင် တောတောင်ထူထပ်ပေမယ့် တိဘက်မှာ မြန်နှုန်းမြင့် ရထားလမ်းတွေ တရုတ် ဖောက်ခဲ့

တရုတ်နိုင်ငံမှာ အိန္ဒိယဘက် မျက်နှာစာ လှည့်ထားတဲ့ လေယာဉ်ကွင်း ၁၀ ခုကျော်လောက် ရှိနေပြီး အဲဒီထဲက ၅ ခုဟာတိဘက်က လေဆိပ်တွေအတွက် အရပ်ဘက်ရော စစ်ဘက်ပါ အသုံးပြုနေပါတယ်။

အဲဒီမှာ လေဆိပ်အသစ် ၃ ခုဆောက်နေပြီး ရှီဂက်စ်၊ နဂါရီ ဂွန်ဆာ မြို့တွေက လေယာဉ်ကွင်းတွေနဲ့ လာဆာမြို့ရဲ့ ရာသီမရွေး ပြေးဆွဲနေတဲ့ ဂွန်ဂါး လေယာဉ်ကွင်း ကို မြေအောက်ထပ်နဲ့ လေယာဉ် ပြေးလမ်းသစ်တွေနဲ့ အသစ်တိုးချဲ့ ဆောက်နေပါတယ်။

ပန်ဂေါင်း ရေကန်ကနေ ကီလိုမီတာ ၂၀၀ အကွာ၊ ပင်လယ်ရေပြင်အထက် ၄၂၇၄ မီတာ အမြင့်မှာ ရှိတဲ့ နဂါရီ ဂွန်ဆာ လေယာဉ်ကွင်းမှာ မြေပြင်ကနေ ဝေဟင်ပစ် မစ်ဆိုင်းဒုံးတွေနဲ့ ခေတ်မီတိုက်လေယာဉ်တွေ ချထားတယ်လို့ သတင်းတွေက ဆိုပါတယ်။

လေကြောင်းအင်အားပိုင်းကို ကြည့်မယ်ဆိုရင် အိန္ဒိယက အထိုက်အလျောက်အားဖြင့် ပိုအားသာတယ်လို့ စစ်ရေးကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။ လေထုအားနည်းရင် ဂျက်လေယာဉ်တွေ ဆီသိပ်သယ်စရာ မလိုဘဲ ပျံနိုင်တာ ဖြစ်ပြီး တရုတ်ရဲ့ လေတပ်စခန်းတွေက LAC နယ်စပ် ထိန်းချုပ်မျဉ်းနဲ့ အတော် ဝေးဝေးမှာ ရှိနေပြီး လေဖိအားအမြင့်မှာ ပျံရမှာမို့ပါ။

နယ်စပ်က အခြေခံအဆောက်အအုံတွေအပေါ် သံသယစိတ်

နှစ်ဘက်စလုံးက ဒီလို အခြေခံအဆောက်အအုံ တိုးတက်အောင် ကြိုးပမ်းနေကြတာဟာ တကယ့် တိုက်ပွဲကြီးတစ်ခု ဖြစ်လာခဲ့ရင် နယ်စပ်ကို စစ်တပ်ဖွဲ့ဝင်တွေနဲ့ စစ်လက်နက်ပစ္စည်းတွေ အမြန်ဆုံး ပို့ဆောင်နိုင်ဖို့ ဆိုတဲ့ အဓိက ရည်ရွယ်ချက်နဲ့ လုပ်နေကြတာ ဖြစ်ပါတယ်။

ရည်ရွယ်ချက်ကြီးတဲ့ ဒီအခြေခံ အဆောက်အအုံ စီမံကိန်းတွေ တဖြည်းဖြည်း အပြီးသတ်သွားတဲ့အခါကြရင် အိန္ဒိယတပ်ဖွဲ့ဝင် အများကြီး နယ်စပ်ကို အနှောင့်အတားမရှိ ပိုမြန်မြန်ဆန်ဆန် လွတ်လွတ်လပ်လပ် အရောက်သွားနိုင်တော့မယ်လို့ အမေရိကန် လုံခြုံရေးစခန်းရဲ့ ၂၀၁၉ ခုနှစ် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အိန္ဒိယအစိုးရက သူ့ နယ်စပ်ဘက်အခြမ်းမှာ အခြေခံအဆောက်အအုံတွေ တိုးတက်အောင် လုပ်ထားခြင်းအားဖြင့် တကယ်လို့ တိုက်ပွဲ ဖြစ်ခဲ့ရင် တရုတ်တပ်ဖွဲ့တွေ အိန္ဒိယပိုင်နက်ထဲဝင်လာဖို့ ပိုလွယ်ကူစေလိမ့်မယ်လို့ ယူဆခဲ့တဲ့အတွက် ဒီလို တည်ဆောက်မှုတွေ မလုပ်ဘဲ နေနေတာ အတော်ကြာခဲ့ပါတယ်။ ဒါပေမဲ့ အခုတော့ အဲဒီအယူအဆကို စွန့်လွှတ်လိုက်ပါပြီ။

အိန္ဒိယနဲ့ တရုတ် အကြား ၁၉၆၂ ခုနှစ်က တစ်ကြိမ်သာ စစ်ဖြစ်ခဲ့ဖူးပြီး အိန္ဒိယဘက်က မရှုမလှ ရှုံးနိမ့်ခဲ့ပါတယ်။
တရုတ်က သူတို့ရဲ့ ထောက်ပံ့ပို့ဆောင်နိုင်မှု စွမ်းအားကို မကြာသေးခင်က လုပ်ခဲ့တဲ့ စစ်ရေးလေ့ကျင့်မှုအတွင်း ထုတ်ပြခဲ့

"ကနဦးမှာတော့ တရုတ်ရဲ့ အခြေခံအဆောက်အအုံတွေက အန္တရာယ်တစ်ခုအသွင် ဆောင်နေပြီး နှစ်နိုင်ငံ အငြင်းပွားတဲ့အခါ တရုတ်တပ်ဖွဲ့တွေ ထိုးစစ်ဆင်လာနိုင်တဲ့အတွက် အိန္ဒိယက ကိုယ့်ကိုယ်ကို ကာကွယ်တဲ့အနေနဲ့ သူတို့ရဲ့ အခြေခံအဆောက်အအုံတွေကို တိုးတက်အောင် တည်ဆောက်ခဲ့ကြတာပါ" လို့ စောင့်ကြည့်လေ့လာရေး ဖောင်ဒေးရှင်းအဖွဲ့က ရာဂျက်စ်ဝါရီ ပီလိုင်း က ပြောပါတယ်။

"အိန္ဒိယအနေနဲ့ ညံ့ဖျင်းတဲ့ အခြေခံအဆောက်အအုံတွေကြောင့် တရုတ်ရဲ့ ကျူးကျော်မှုကို တွန်းလှန် ကာကွယ်ရာမှာ အမြဲလို အခက်တွေ့ခဲ့ရတာပါ" လို့ သူက ပြောပါတယ်။

တရုတ်က သူတို့ဘက်က စကျူးကျော်တာမျိုး မရှိဘူးလို့ ငြင်းနေသလို အိန္ဒိယတို့ကလည်း တရုတ်တို့ စွပ်စွဲသလို သူတို့ဘက်က စည်းကျော်တာမျိုး မရှိဘူးလို့ ပြောနေပါတယ်။ နယ်စပ်ပြဿနာကိစ္စကို ဖြေရှင်းဖို့ ပြီးခဲ့တဲ့ ဆယ်စုနှစ် ၃ ခုအတွင်း နှစ်နိုင်ငံ ဆွေးနွေးပြောဆိုမှုတွေ အကြိမ်ကြိမ် လုပ်ခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။

ဒီအတောအတွင်းမှာပဲ မကြာသေးခင်က အိန္ဒိယနယ်စပ်နားမှာ လုပ်ခဲ့တဲ့ စစ်ရေးလေ့ကျင့်မှုအတွက် တရုတ်စစ်တပ်က သူတို့ရဲ့ ထိရောက်တဲ့ သယ်ယူပို့ဆောင်ရေးကွန်ရက်တွေကို သုံးပြီး အလျင်အမြန် ရောက်လာနိုင်ပုံကို တရုတ်အစိုးရ သတင်းမီဒီယာက မီးမောင်းထိုး ဖော်ပြခဲ့ပါတယ်။

"တရုတ်တပ်ဖွဲ့အများအပြားကို အချိန်တိုအတွင်း စေလွှတ်နိုင်တာကို ကြည့်ခြင်းအားဖြင့် တရုတ်စစ်တပ်ဟာ ပင်လယ်ရေမျက်နှာပြင်အထက် နေရာတွေ အပါအဝင် ဘယ်လောက်ပဲ ဝေးလံခေါင်ဖျားတဲ့ နေရာတွေဖြစ်ဖြစ် တပ်ဖွဲ့တွေ အမြန်ဆုံး စေလွှတ်နိုင်စွမ်း ရှိတယ် ဆိုတာကို ပြနေတယ်"လို့ အမည်မဖော်လိုတဲ့ တရုတ် စစ်မှုထမ်းဟောင်း တစ်ဦးက တရုတ်အစိုးရပိုင် Global Times ကို ပြောပါတယ်။

နယ်စပ်နှစ်ဘက်စလုံးမှာ ကားလမ်းသစ်တွေ၊ ရထားလမ်းသစ်တွေ၊ တံတားသစ်တွေ အများအပြား ပေါ်ထွက်လာနေတဲ့အတွက် အနာဂတ်မှာ အိန္ဒိယနဲ့ တရုတ်တပ်ဖွဲ့တွေအကြား ထိပ်တိုက်ရင်ဆိုင်မှုတွေ ပိုတွေ့လာရမယ့်ပုံ ရှိနေပါတယ်။ 

BBC Burmese
အငြင်းပွားနေတဲ့ နယ်စပ်တစ်လျှောက် အိန္ဒိယနဲ့ တရုတ်တို့ လမ်းတံတားတွေ အပြိုင်ဆောက်နေ အငြင်းပွားနေတဲ့ နယ်စပ်တစ်လျှောက် အိန္ဒိယနဲ့ တရုတ်တို့ လမ်းတံတားတွေ အပြိုင်ဆောက်နေ Reviewed by THITHTOOLWIN on 06:47 Rating: 5

No comments:

Powered by Blogger.