ဂျပန်နိုင်ငံခြားရေးဝန်ကြီး မြန်မာနဲ့ အာဆီယံနိုင်ငံတွေ ခရီးလှည့်

ဂျပန်နိုင်ငံခြားရေးဝန်ကြီး Toshimitsu Motegi


ဂျပန်နိုင်ငံခြားရေးဝန်ကြီး Toshimitsu Motegi က မြန်မာနိုင်ငံ အပါအဝင် အရှေ့တောင်အာရှနိုင်ငံတွေကို သွားရောက်မယ့် ခရီးစဉ် ကိုစတင်လိုက်ပါတယ်။ စင်္ကာပူကို ဗုဒ္ဓဟူးနေ့က ရောက်ရှိခဲ့ပြီးတဲ့နောက် မနေ့ကြာသပတေးနေ့က ဂျပန်နိုင်ငံခြားရေးဝန်ကြီး Motegi က စင်္ကာပူနိုင်ငံခြား ရေးဝန်ကြီး Vivian Balakrishnan နဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ဂျပန် နဲ့ စင်္ကာပူ နှစ်နိုင်ငံအကြား မဖြစ်မနေ အလုပ် သဘော သွားရောက်မယ့် သူတွေအတွက် လေယာဉ်ခရီးစဉ်တွေ ပြန်လည် စတင်ဖို့ အရေး သဘောတူညီကြောင်း နှစ်နိုင်ငံ ပူးတွဲ ကြေညာချက် တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။


အဲဒီ သဘောတူညီချက်အရ Residence Track အစီအစဉ်ကို စက်တင်ဘာလ နောက်ဆုံးထားပြီး အကောင်အထည်ဖော်ဖို့ နှစ်နိုင်ငံ ဆက်လက် ဆွေးနွေးသွားမယ်လို့ လည်း CNA သတင်းဌာနက ပြောပါတယ်။ အဲဒီ အစီအစဉ်အရ သတ်မှတ်ထားတဲ့ အရေအတွက် quota နဲ့ နှစ်နိုင်ငံက စီးပွားရေး လုပ်ငန်းရှင်တွေ ကျန်းမာရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာပြီး အပြန်အလှန် ခရီးသွားနိုင်မှာ ဖြစ်ပါတယ်။


ကြာသပတေးနေ့မှာပဲ ဂျပန်နိုင်ငံခြားရေး ဝန်ကြီး Motegi က စင်္ကာပူ ဝန်ကြီးချုပ် လီရှန်လွန်းနဲ့ တွေ့ဆုံပြီး ဒေသတွင်း စီးပွားရေး အရ ပေါင်းစည်းရေး ကိစ္စတွေကို ဆွေးနွေးခဲ့ပါတယ်။ ဒီခရီးစဉ်ဟာ Motegi အတွက် နိုင်ငံခြားရေး ဝန်ကြီးအဖြစ် စင်္ကာပူကို ပထမ ဆုံးသွားတဲ့ ခရီးစဉ်လည်း ဖြစ်ပါတယ်။


စင်္ကာပူခရီး ပြီးတဲ့နောက် ဂျပန်နိုင်ငံခြားရေးဝန်ကြီး Motegi က မလေးရှားနိုင်ငံကို သောကြာနေ့မှာ သွားရောက်မှာ ဖြစ်ပါတယ်။ အဲဒီနောက် ဩဂုတ်လ ၂၀ ရက်နေ့က ၂၅ ရက်အထိ ပါပူဝါနယူးဂီနီ၊ ကမ္ဘောဒီးယား၊ လာအိုနဲ့ မြန်မာနိုင်ငံတွေကို သွားရောက်မှာ ဖြစ်ပါတယ်။


ဂျပန် နိုင်ငံခြားရေးဝန်ကြီးရဲ့ ခရီးစဉ်အတွင်း COVID-19 ကပ်ရောဂါ တိုက်ဖျက်ရေး ကိစ္စကို အဓိကထား ဆွေးနွေးမယ့် နည်းတူ တောင်တရုတ်ပင်လယ်အရေးနဲ့ အင်ဒို-ပစိဖိတ်ဒေသ လွတ်လပ်မှုရှိရေးကိစ္စတွေကိုလည်း ဆွေးနွေးသွားနိုင်ခြေရှိတယ်လို့ နိုင်ငံခြား ရေးရာဆိုင်ရာ ကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။ဂျပန်နိုင်ငံခြားရေး ဝန်ကြီးဟာ ဂျပန်ရဲ့ အဓိက မဟာမိတ်အမေရိကန်နိုင်ငံနဲ့ တရုတ်နိုင်ငံအကြား ဟောင်ကောင်၊ ထိုင်ဝမ်နဲ့ တောင် တရုတ် ပင်လယ်အရေး ကိစ္စတွေကြောင့် ဆက်ဆံရေး တင်းမာနေချိန်မှာ အခုလို အရှေ့တောင် အာရှနိုင်ငံတွေကို သွားရောက်တာ ဖြစ်ပါတယ်။


ပြီးခဲ့တဲ့ အပတ်ထဲမှာလည်း ဂျပန်နိုင်ငံခြားရေးဝန်ကြီး Motegiဗြိတိန်နိုင်ငံကို ၄ ရက်ကြာ သွားရောက်ခဲ့ပါသေးတယ်။


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/japan-fm-toshimitsu-motegi-south-east-asia-trip-/5542718.html

ဂျပန်နိုင်ငံခြားရေးဝန်ကြီး မြန်မာနဲ့ အာဆီယံနိုင်ငံတွေ ခရီးလှည့် ဂျပန်နိုင်ငံခြားရေးဝန်ကြီး မြန်မာနဲ့ အာဆီယံနိုင်ငံတွေ ခရီးလှည့် Reviewed by THITHTOOLWIN on 18:28 Rating: 5

No comments:

Powered by Blogger.