ကြီးထွားလာတဲ့ ကန်-တရုတ် တင်းမာမှုအပေါ် အမြင်တချို့


လတ်တလော တင်းမာလာနေတဲ့ တရုတ်- အမေရိကန် ဆက်ဆံရေးဟာ ဘယ်အခြေအနေကို ဦးတည်လာနေသလဲ ဆိုတာနဲ့ အင်အားကြီးနှစ်နိုင်ငံရဲ့ ပဋိပက္ခဟာ မြန်မာနိုင်ငံနဲ့ ဘယ်လို ပတ်သက်ဆက်နွယ်လာနိုင်သလဲ ဆိုတာကို ဗွီအိုအေသတင်းထောက် ကိုမိုးဇော်က ရန်ကုန်မြို့ကနေ သတင်းပေးပို့ထားပါတယ်။

တောင်တရုတ်ပင်လယ်အတွင်း ဖြစ်ပွားနေတဲ့ နယ်မြေအငြင်းပွားမှုကနေတဆင့် တရုတ်နဲ့ အမေရိကန်အကြားမှာ နိုင်ငံရေး တင်းမာမှုတွေ ဖြစ်ပေါ်ခဲ့သလို စစ်ရေးအရ တင်းမာမှုတွေလည်း မြင့်တက်လာနေတာပါ။

အင်ဒို-ပစိဖိတ် ဒေသတွင်းက အင်အားကြီးနိုင်ငံနှစ်ခုရဲ့ ပြိုင်ဆိုင်မှုဟာ စစ်အေးအသွင်ဆောင်လာကြောင်း သုံးသပ်တာတွေ ရှိသလို စစ်ရေးပဋိပက္ခအသွင် ပေါ်ပေါက်လာမလားဆို စိုးရိမ်ပူပန်တာတွေလည်း ရှိနေပါတယ်။

ဒီအခြေအနေအပေါ်မှာ နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်းက သူ့အမြင်ကို အခုလို ပြောပါတယ်။

“စစ်ရေးအရ ပဋိပက္ခဖြစ်တဲ့အထိတော့ ဦးတည်မသွားနိုင်ဘူးလို့ ကျနော်မြင်တယ်။ အမေရိကန်ရော၊ တရုတ်ရော နှစ်နိုင်ငံစလုံးဟာ သူတို့ရဲ့ အကျိုးစီးပွားကို ရှေ့တန်းတင်ပြီးတော့ ဗျူဟာတွေကို ဖော်ဆောင်နေတဲ့အခါကျတော့ နှစ်နိုင်ငံလုံးနစ်နာမယ့် လမ်းကြောင်းကို တတ်နိုင်သမျှ ရှောင်ပြီးတော့ ဒေသတွင်းမှာ သူတို့ရဲ့ မဟာဗျူဟာ ရပ်တည်မှုနဲ့ သူတို့ရဲ့ အကျိုးစီးပွားအတွက်ကို အကောင်းဆုံး ဖော်ဆောင်မယ့် အနေအထားရှိတဲ့အခါကျတော့ စစ်အေးကာလပြိုင်ဆိုင်မှုရဲ့ ပုံစံသစ်တစ်ခု ဖြစ်လာကောင်း ဖြစ်လာနိုင်တယ်လို့တော့ သုံးသပ်ပါတယ်။”

အခြားနိုင်ငံရေးသုံးသပ်သူ ဦးမောင်မောင်စိုးကလည်း တရုတ်ရဲ့ စစ်အင်အားတည်ဆောက်မှုဟာ အမေရိကန်နဲ့မဟာမိတ်တွေရဲ့ စစ်အင်အားကို ယှဉ်ပြိုင်ဖို့ဆိုရင် ထပ်မံဖြည့်ဆည်းရမယ့် အခြေအနေတွေ ရှိနေတာကြောင့် စစ်ရေးပဋိပက္ခ ဖြစ်ပေါ်ဖို့ အလားအလာ နည်းပါးကြောင်း သုံးသပ်ပါတယ်။

စစ်ရေးတင်းမာမှုမြင့်တက်လာရင် စစ်အေးတိုက်ပွဲဖြစ်လာနိုင်သလို ဒေသတွင်း စစ်ပွဲငယ်တွေ ဖန်တီးလာမှာကို အလေးထားသင့်ကြောင်း ဦးမောင်မောင်စိုးက ထောက်ပြပါတယ်။

“ တရုတ်နဲ့ အမေရိကန် စစ်ရေးတင်းမာမှုက ကျနော်ထင်တယ် ပြင်းပြင်းထန်ထန်ဖြစ်လာဖို့က ခုနက ကျနော်ပြောသလို ၄- ၅- ၁၀နှစ်တော့ လိုပါသေးတယ်။ သို့သော် ဒီကြားထဲမှာ စစ်ရေးအရှိန်မြှင့်လာရင် ဘာဖြစ်တတ်သလဲဆိုတော့ နိုင်ငံကြီးတွေရဲ့ စစ်အေးတိုက်ပွဲမှာ ဒေသတွင်းမှာ Proxy war လေးတွေ ဖြစ်တတ်တယ်။ Proxy war လေးတွေဖြစ်မယ်ဆိုရင် ကျနော်တို့ သတိထားဖို့ လိုတာက ကျနော်တို့ တိုင်းပြည်ဟာ လက်နက်ကိုင်အဖွဲ့ ၂၀လောက် ရှိတဲ့အခါကျတော့ Proxy war ဖြစ်ဖို့ အရှေ့တောင် အာရှ ၁၀နိုင်ငံထဲမှာ ရေခံမြေခံ အကောင်းဆုံးနိုင်ဖြစ်နေတာကို။ အဲတော့ ဒီအချက်ကိုတော့ ကျနော်တို့က အထူးဂရုပြု ပြီးတော့ ဒီ Proxy war တွေ ပေါ်မလာအောင်။ ပေါ်လာရင်လည်း ဖြေရှင်းနိုင်အောင် ပြင်ဖို့တော့ လိုမယ်။”

မြန်မာနိုင်ငံမှာ နိုင်ငံရေးအင်အားစုတွေ ကွဲပြားနေတဲ့ အခြေအနေဟာလည်း ပိုမိုရှုပ်ထွေးမှုတွေဖြစ်စေနိုင်မှာ ဖြစ်ကြောင်း ထည့်သွင်း ပြောဆိုပါတယ်။

ဒီအပြင် တရုတ်အနေနဲ့ မြန်မာနိုင်ငံကနေတဆင့် အိန္ဒိယသမုဒ္ဒရာကို ထွက်ပေါက်ရရှိဖို့ ဆောင်ရွက်နေသလို အမေရိကန်အနေနဲ့ကလည်း အိန္ဒိယ သမုဒ္ဒရာကို ထိန်းချုပ်ဖို့ အစပြုလာတဲ့ အနေအထားကို ရောက်ရှိလာတာကြောင့် မြန်မာနိုင်ငံအနေနဲ့ မဟာဗျူဟာကျကျ စဉ်းစားဆောင်ရွက်ဖို့ လိုအပ်နေကြောင်း ဆက်လက် ပြောပါတယ်။

“ တရုတ်ပြည်နဲ့ပတ်သက်ပြီး ပင်လယ်လမ်းကြောင်း ထိန်းချုပ်ဖို့ဆိုရင် ၂ခုဖြစ်တာကိုး။ တစ်က တောင်တရုတ်ပင်လယ်ဖြစ်တယ်။ တစ်ခုက အိန္ဒိယ သမုဒ္ဒရာဖြစ်တယ်။ ဒီအိန္ဒိယ သမုဒ္ဒရာ ဘက်ခြမ်းနဲ့ ပတ်သက်လာရင် မြန်မာပြည်က အရေးကြီးတဲ့အနေအထားမှာ ရောက်နေပါတယ်။ ဒီအခြေအနေမှာ ကျနော်တို့က မဟာဗျူဟာအရ ဘယ်လိုတုံပြန်မလဲဆိုတာ စနစ်တကျ ရေးဆွဲပြီးတော့ တုံ့ပြန်ဖို့ လိုအပ်မယ်တော့ ထင်ပါတယ်။”

လက်ရှိဖြစ်ပေါ်နေတဲ့ တရုတ် ဆက်ဆံရေး တင်းမာမှုတွေဟာ အမေရိကန်နိုင်ငံရဲ့ ရွေးကောက်ပွဲနဲ့ ဆက်စပ်နေတယ်လို့ သုံးသပ်တာတွေ ရှိသလို ရွေးကောက်ပွဲပြီးချိန်မှာ ပြောင်းလဲ လာနိုင်ကြောင်း သုံးသပ်တာတွေလည်း ရှိနေပါတယ်။

ဒီအချက်အပေါ်မှာတော့ ဒေါက်တာရန်မျိုးသိမ်းက သူ့အမြင်ကို အခုလို ပြောပါတယ်။

“ လတ်တလော အမေရိကန်နဲ့ တရုတ်အကြား ဖြစ်လာတဲ့ ဒေသတွင်း တင်းမာမှုတွေဟာ ရေရှည်ဆက်ပြီးတော့ ဖြစ်မယ့် အနေအထားလို့ သုံးသပ်ပါတယ်။ ဒါဟာ အမေရိကန်နိုင်ငံရဲ့ သမ္မတရွေးကောက်ပွဲအကြို မီးရှုးမီးပန်း ဖောက်ရုံသက်သက် မဟုတ်ဘူးလို့ ကျနော်က မြင်ပါတယ်။ နောက်ပြီးတော့ အမေရိကန်နိုင်ငံထဲမှာလည်းပဲ တရုတ်ရဲ့ အန္တရာယ်၊ တရုတ်ရဲ့ လွှမ်းမိုးမှုအပေါ်မှာ စိုးရိမ်ကြောင့်ကျမှုတွေ၊ သတိကြီးကြီးထားမှုတွေဟာ အစိုးရထဲမှာရော၊ လွှတ်တော်ထဲမှာရော၊ ပညာတတ်အသိုင်းအဝိုင်းမှာရော၊ နောက် လူမှုအဖွဲ့အစည်းထဲမှာရော မြင့်တက်လာတဲ့ အနေအထားကတော့ သိသာမြင်သာပါတယ်။ အဲဒီအတွက်ကြောင့်မို့ အမေရိကန်ရဲ့ တရုတ်အပေါ်ချည်းကပ်မှုအသစ်ဟာ ရေရှည်သွားမယ့် မဟာဗျူဟာမြောက် ခြေလှမ်း တစ်ခုဖြစ်တယ်လို့ မြင်ပါတယ်။”

တရုတ်နဲ့ အမေရိကန် နိုင်ငံကြီးနှစ် နိုင်ငံအကြားက ဖြစ်ပေါ်လာတဲ့ ပြိုင်ဆိုင်မှုကို အင်အားချိန်ခွင်လျှာ ညှိနှိုင်ဖို့ ဆိုရင် မြန်မာနိုင်ငံက သူရဲ့ လက်ရှိနိုင်ငံတကာ ဆက်ဆံရေးမူဝါဒ၊ နည်းနာနဲ့ ဗျူဟာတွေကို ကျယ်ကျယ်ပြန့်ပြန့် ပြန်ပြီး သုံးသပ်ဖို့ လိုအပ်ကြောင်း ပြောပါတယ်။

မြန်မာနိုင်ငံကတော့ ခေတ်အဆက်ဆက် ကျင့်သုံးခဲ့တဲ့ နိုင်ငံခြားရေးမူဝါဒအတိုင်း နိုင်ငံကြီးနှစ်နိုင်ငံအကြားမှာ ဘက်မလိုက်ပဲ ရပ်တည်သွားမှာဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။

နိုင်ငံရေးလေ့လာသူတွေကတော့ အင်အားကြီးနှစ်နိုင်ငံရဲ့ ပြိုင်ဆိုင်မှုအကြားမှာ ကြားညပ်မယ့်အနေအထားကို စိုးရိမ်တာတွေ ရှိနေပြီး ဒီအတွက် တိကျတဲ့ ပြင်ဆင်မှုတွေ လိုအပ်ကြောင်း သုံးသပ်ကြတာကို ဒီတစ်ပတ် သတင်းထောက်မှတ်စုအစီအစဉ် ကနေ တင်ပြလိုက်ရပါတယ်။

 မိုးဇော်  / ဗွီအိုအေ ( မြန်မာပိုင်း)
https://burmese.voanews.com/a/china-us-relation-how-it-affect-to-myanmar-/5526118.html
ကြီးထွားလာတဲ့ ကန်-တရုတ် တင်းမာမှုအပေါ် အမြင်တချို့ ကြီးထွားလာတဲ့ ကန်-တရုတ် တင်းမာမှုအပေါ် အမြင်တချို့ Reviewed by THITHTOOLWIN on 06:19 Rating: 5
Powered by Blogger.