နေအိမ်တွင်(၁၃)နှစ်ခန့် မွေးမြူထားသော မိကျောင်းတစ်ကောင်အား ဘေးမဲ့လွှတ်ပေးရန် သစ်တောဌာနမှ လာရောက်သယ်ဆောင်
မြိတ် စက်တင်ဘာ ၃
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ အလယ်ကျွန်းနယ်မြေ ကန်ဘောင်ရိုးရပ် မီးသတ်လမ်းရှိ နေအိမ် တစ်အိမ်တွင် (၆)လက်မအရွယ်မှစ၍ (၁၃)နှစ်ခန့်မွေးမြူထားသော မိကျောင်းတစ်ကောင်အား ကျွန်းစုမြို့နယ် နှင့် ဘုတ်ပြင်းမြို့နယ် ရေချိုရေငံအစပ် ကျောက်ချောင်းဒေသသို့ ဘေးမဲ့လွှတ်ပေးရန် သစ်တောဦးစီးဌာနမှ စက်တင်ဘာလ(၃)ရက် နံနက်(၇)နာရီက နေအိမ်မှ လာရောက်သယ်ယူခဲ့ကြကြောင်း သိရသည်။
မိကျောင်းအားမွေးမြူထားသူမှာ ဒေါ်သန်းဌေးဆိုသူဖြစ်ပြီး မိကျောင်းကို(၆)လက်မအရွယ်မှစ၍ မွေးမြူ ခဲ့သည်မှာ(၁၃)နှစ်ခန့်ရှိပြီဖြစ်၍ သံယောဇဉ်ဖြစ်နေမိကြောင်း မွေးမြူထားသူမှ ပြောသည်။ မိကျောင်းမှာ ယခု ဆိုလျှင် အရှည်(၆)ပေခန့်ရှိကာ မွေးမြူထားသည့်နေရာမှာ အကာအရံ လုံခြုံမှုမရှိခြင်း၊ လွှတ်မြောက်သွားပါက ရပ်ကွက်နေပြည်သူများအားအသက် အန္တရာယ်ဖြစ်ပေါ်လာနိုင်ဖြင့် ပိုင်ရှင်မှ သက်ဆိုင်ရာသို့ လွန်ခဲ့သည့်(၁)လ ခန့်က အကူအညီတောင်းခံခဲ့သဖြင့် ယနေ့တွင် မြိတ်ခရိုင်သစ်တော ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးဘခင် ဦးဆောင်၍ သစ်တောဦးစီးဌာန ၀န်ထမ်းများ၊ အလယ်ကျွန်းရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဝင်းခိုင်နှင့် တာဝန်ရှိသူများက မိကျောင်းအား ဘေးမဲ့လွှတ်ပေးရန် လာရောက်သယ်ဆောင်ခဲ့ကြကြောင်း သိရသည်။
အဆိုပါမိကျောင်းအား စနစ်တကျ ဖမ်းဆီးကာ ၄င်းအားသယ်ဆောင် ရန် သစ်သားဖြင့်ပြုလုပ်ထားသည့် သေတ္တာပုံးထဲ့သို့ထည့်ကာ နေအိမ်မှ မော်တော်ကားဖြင့် ယောကြီးဝတံတားသို့သယ်ဆောင်ကာ စက်လှေပေါ် တင်ဆောင်ခဲ့ကြသည်။ ၄င်းမိကျောင်းကို ကျွန်းစုမြို့နယ် နှင့် ဘုတ်ပြင်းမြို့နယ် ရေချိုရေငံအစပ် ကျောက် ချောင်းဒေသသို့ စက်လှေဖြင့် မြိတ်မြို့နယ်သစ်တောဦးစီးဌာနမှ တောအုပ် ဦးဇော်နိုင်လင်းနှင့်အဖွဲ့မှ သယ်ဆောင်ကာ ဘေးမဲ့လွှတ်ပေးသွားမည်ဖြစ်ကြောင်း တောအုပ် ဦးဇော်နိုင်လင်း က ပြောသည်။ သစ်တော ဦးစီးဌာန Wildlife Law အရ အိမ်မွေး တိရစ္ဆာန်မဟုတ်သော တိရစ္ဆာန်များမွေးမြူထားသည်မှာ လူအများကို အန္တရာယ်ဖြစ်စေနိုင်သည့်အပြင် ဥပဒေနှင့်မညီသည့်အတွက် မမွေးမြူသင့်ကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။
Iprd Myeik
နေအိမ်တွင်(၁၃)နှစ်ခန့် မွေးမြူထားသော မိကျောင်းတစ်ကောင်အား ဘေးမဲ့လွှတ်ပေးရန် သစ်တောဌာနမှ လာရောက်သယ်ဆောင်
Reviewed by THITHTOOLWIN
on
18:39
Rating: