ကောလာဟလများ မဖြန့်ဝေခြင်းဖြင့် အကြမ်းဖက်တိုက်ဖျက်ရေးကို ကူညီကြပါရန် တိုက်တွန်းချက်


နေပြည်တော်၊ စက်တင်ဘာ ၂

ရခိုင်ပြည်နယ်၊ မောင်တောဒေသအတွင်း ဩဂုတ်(၂၅)ရက်မှစတင်၍ ARSA အစွန်းရောက် အကြမ်းဖက်သမားများက လုံခြုံရေးတပ်ဖွဲ့ဝင်များအား တိုက်ခိုက်ခြင်း၊ အပြစ်မဲ့ပြည်သူများအား သတ်ဖြတ်ခြင်း၊ လက်လုပ်မိုင်းများ ထောင်၍ နေအိမ်များအား မီးရှို့ခြင်း စသည့် အကြမ်းဖက်လုပ်ရပ်များ၊ တိုက်ခိုက်မှုများ လုပ်ဆောင်လာခဲ့သဖြင့် နိုင်ငံတော် အစိုးရအနေဖြင့် မောင်တောဒေသအတွင်း ပုဒ်မ ၁၄၄ ထုတ်ပြန်၍လည်းကောင်း၊ ဩဂုတ် (၂၅ ) ရက်တွင် အကြမ်းဖက် အုပ်စုအဖြစ် ကြေညာချက်များ ထုတ်ပြန်၍ လည်းကောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ တိုးမြှင့်ချထား၍ လည်းကောင်း အကြမ်းဖက်တိုက်ဖျက်ရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။

တစ်ချိန်တည်းတွင် ARSA အစွန်းရောက် အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုကြောင့် ပိတ်မိနေသော ရွာသူရွာသားများအား ရွှေ့ပြောင်း ကယ်ထုတ်ခြင်း၊ ဒေသခံများ ဘေးကင်းလုံခြုံရေးအတွက် လုံခြုံရေးများ ဆောင်ရွက်ခြင်း၊ စားနပ် ရိက္ခာများ ဖြန့်ဝေခြင်း၊ အကြမ်းဖက်ရန်ကြောင့် ထွက်ပြေးတိမ်းရှောင်နေရသူများအား ရှာဖွေ၍ ဘေးကင်း လုံခြုံရာ နေရာများသို့ ပို့ဆောင်ပေးခြင်း၊ စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် ကယ်ဆယ်ရေး ပစ္စည်းများ ထောက်ပံ့ကူညီခြင်း စသည်တို့ကို တပ်မတော်နှင့်ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိပါသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် မောင်တောဒေသအတွင်း ARSA အစွန်းရောက်အကြမ်းဖက်သမားများ၏ အကြမ်းဖက် လုပ်ရပ်များကို တုန့်ပြန် နှိမ်နင်းရေး၊ ပြည်သူများဘေးကင်းလုံခြုံရေး၊ ဒေသအတွင်း တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး လုပ်ငန်းများကို အထူးဦးစားပေး၍ ဆောင်ရွက်လျက်ရှိပါသည်။

ဤသို့အရေးကြီးသော အချိန်အခါတွင် မဟုတ်မမှန်လုပ်ကြံသတင်းများ ၊ ကောလာဟလများ ဖြန့်ချိခြင်းကြောင့် ဦးစားပေး လုပ်ငန်းတာဝန်များကို ဆောင်ရွက်လျက်ရှိသည့် အုပ်ချုပ်ရေးတာဝန်ရှိသူများ၊ လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိသည့်ပြည်သူများအတွက် အခက်အခဲများ ဖြစ်ပေါ်စေနိုင်ပါသည်။

စက်တင်ဘာလ ၁ ရက်နေ့ နံနက် ၁၁ နာရီခန့်က ကျောက်တော်မြို့နယ် ပြည်တော်သာရပ်ကွက်အနီး ပိုက်သည်ရပ်ကွက် သင်္ချိုင်းဟောင်းရှိ ဇရပ်ဟောင်း ဖျက်ဆီးခံနေရ ကြောင်း ကောလာဟလများ ထုတ်လွှင့်ပြီး ဆူပူမှုဖြစ်စေလိုသူအချို့မှ သွေးထိုးလှုံဆော်လျက်ရှိသဖြင့် တာဝန်ရှိသူများက ထိန်းသိမ်း ဆောင်ရွက်ခဲ့ရပါသည်။

အလားတူ စက်တင်ဘာလ ၁ ရက် ညပိုင်းတွင်လည်း ကျောက်ဖြူမြို့နယ် စေတီတောင်ရပ်ကွက်တွင် ရုံးခန်းဖွင့်လှစ်ထားသော လူငယ်အားမာန်အဖွဲ့ (Youth Strength Association - YSA) ရုံးအား ကျောက်ဖြူခရိုင် လူငယ်အဖွဲ့မှ အင်အားအချို့ လာရောက်စုရုံး ၀ိုင်းဝန်းမှုဖြစ်ပေါ်ခဲ့သော်လည်း တာဝန်ရှိသူများက အချိန်မီ သွားရောက်တားဆီးနိုင်ခဲ့သဖြင့် ပြဿနာ တစ်စုံတစ်ရာ မရှိဘဲ ည ၉ နာရီကျော်တွင် အေးချမ်းစွာ လူစုကွဲသွားခဲ့ပါသည်။

သို့ဖြစ်ပါ၍ မလိုလားအပ်သော ပဋိပက္ခများ ဖြစ်ပွားလာခြင်းမရှိစေရန်အတွက် ကောလာ ဟလထုတ်လွှင့်ခြင်းနှင့် လုပ်ကြံသတင်းမှားများ ဖြန့်ချိခြင်းများ မပြုလုပ်ကြပါရန်နှင့် မောင်တောဒေသ အတွင်း အကြမ်းဖက်အန္တရာယ်မှ တုံ့ပြန်ချေမှုန်းနိုင်ရေး၊ တည်ငြိမ်အေးချမ်းရေးတို့အတွက် ပူးပေါင်းကူညီ ဆောင်ရွက်ပေးကြ ပါရန် တိုက်တွန်းလျက် သတင်းထုတ်ပြန်အပ်ပါသည်။

(သတင်းထုတ်ပြန်ရေးကော်မတီ)
https://www.facebook.com/InfomationCommittee/
ကောလာဟလများ မဖြန့်ဝေခြင်းဖြင့် အကြမ်းဖက်တိုက်ဖျက်ရေးကို ကူညီကြပါရန် တိုက်တွန်းချက် ကောလာဟလများ မဖြန့်ဝေခြင်းဖြင့် အကြမ်းဖက်တိုက်ဖျက်ရေးကို ကူညီကြပါရန် တိုက်တွန်းချက် Reviewed by THITHTOOLWIN on 22:19 Rating: 5
Powered by Blogger.