RCSS နှင့် TNLA တိုက်ပွဲကြောင့် စစ်ရှောင်ပြည်သူ ၃၀၀ကျော် နမ္မတူမြို့ပေါ်သို့ ရောက်ရှိလာ


ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူမြို့နယ်တွင် တအာင်းလက်နက်ကိုင်အဖွဲ့ ( TNLA )နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ( RCSS) တို့အကြားဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် ဒေသခံပြည်သူ ၃၀၀ ကျော်မှာ နမ္မတူမြို့ ပုဗ္ဗါရုံကျောင်းတိုက်သို့ လာရောက် ခိုလှုံနေရကြောင်း နမ္မတူမြို့ခံတစ်ဦးက ဇူလိုင်လ ၄ ရက် ညနေပိုင်းတွင် AHN သို့ပြောသည်။

၂၀၁၇ ခုနှစ် ဇူလိုင်လ ၄ ရက် ၊ နံနက် (၁၀း၅၅)မှ(၁၂း၀၀)နာရီအချိန်ထိ နမ္မတူမြို့နယ် လွယ်ပြေကျေးရွာအုပ်စု၊ ပန်ဆန်းကျေးရွာအနီးတွင် TNLA အဖွဲ့နှင့် RCSS တပ်ဖွဲ့တို့ နှစ်ဖက်ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ တိုက်ပွဲသည် လုံးဝငြိမ်သက်သွားခြင်းမဟုတ်ဘဲ ညနေပိုင်းထိ ကြိုးကြားကြိုးကြား ဆက်ဖြစ်နေဆဲဖြစ်ကြောင်း၊ နှစ်ဖက်ထိခိုက်ကျဆုံးမှုမသိရသေးကြောင်း TNLA အဖွဲ့က သတင်းထုတ်ပြန်သည်။

“တအာင်း( ပလောင်) တိုင်းရင်းသားတွေ အများဆုံးနေထိုင်တဲ့ ကျေးရွာ ၆ ရွာက ဒေသခံပြည်သူတွေ စစ်ရှောင်လာတာပါ။ ဒီနေ့( ဇူလိုင်၎) ည၈ နာရီထိ ရောက်ရှိလာတဲ့ စစ်ရှောင်ပြည်သူ ၃၃၂ ဦးရှိပါတယ်။ နမ္မတူမြို့ ၊ ရပ်ကွက် ၈ မှာရှိတဲ့ ၊ပုဗ္ဗါရုံဘုန်းကြီးကျောင်းမှာ စစ်ရှောင်စခန်းဖွင့်ပြီးထားထားပါတယ်။ စစ်ရှောင်စခန်းကို မလာဘဲ သက်ဆိုင်ရာ ဆွေမျိုးတွေဆီမှာ သွားနေတဲ့သူက ၆၀ လောက်ရှိပါတယ်။ တချို့ဆိုင်ကယ်နဲ့လာတယ်။ တချို့ လမ်းလျှောက်လာတယ်။ မနက်ဖြန် မှာ တော့ မေတ္တာဖောင်ဒေးရှင်းက လာရောက်လှူဒါန်းမယ်လို့သိရပါတယ်။ လောလောဆယ်တော့ မခက် အခဲ မရှိပါဘူး။ ရက်ရှည်လာမယ်၊ စစ်ရှောင်ပြည်သူတွေများလာမယ်ဆိုရင်တော့အခက်အခဲရှိနိုင်ပါတယ်။ နမ္မတူမြို့ပေါ်မှာ အရင် တစ်နှစ်လောက်ကတည်းက ရောက်ရှိနေတဲ့ စစ်ရှောင်ပြည်သူ ၅၀၀ လောက်လည်းရှိနေပါသေးတယ်။” ဟု နမ္မတူမြို့ရှိ၊မြို့နယ်စစ်ရှောင်ပြည်သူများအားကူညီထောက်ပံ့ပေးရေးကော်မတီအတွင်းရေးမှူး ဦးအောင်ဆန်းမြင့်ကပြောသည်။

တိုက်ပွဲဖြစ်ပွားသည့်အခြေအနေနှင့်ပတ်သက်၍ RCSS အဖွဲ့ထံဆက်သွယ်မေးမြန်းသော်လည်း ဆက်သွယ်၍မရခဲ့ပေ။

ချမ်းမြမြငြိမ်း( AHN = N -SHAN)

PHOTO- PHYU SIN LINN
The Asia Heart News
RCSS နှင့် TNLA တိုက်ပွဲကြောင့် စစ်ရှောင်ပြည်သူ ၃၀၀ကျော် နမ္မတူမြို့ပေါ်သို့ ရောက်ရှိလာ RCSS နှင့် TNLA တိုက်ပွဲကြောင့် စစ်ရှောင်ပြည်သူ ၃၀၀ကျော် နမ္မတူမြို့ပေါ်သို့ ရောက်ရှိလာ Reviewed by THITHTOOLWIN on 22:21 Rating: 5
Powered by Blogger.