NLD ပါတီ စည်းရုံးရေး ပိုထိရောက်စေဖို့ လမ်းညွှန်ချက်ထုတ်ပြန်

NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဥာဏ်ဝင်း ကို တွေ့ရစဉ်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ စည်းရုံးရေးယန္တရား ပိုမိုထိရောက်စွာလုပ်ဆောင်နိုင်ဖို့အတွက် အချက် ၁၁ ချက်ပါတဲ့ လမ်းညွှန်ချက်ကို ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့က ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။

ပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ မြို့နယ်အလုပ်အမှုဆောင်အဖွဲ့တွေ စည်းလုံးမှု အားနည်းနေတဲ့အတွက် အခုလိုထုတ်ပြန်တာလို့ NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဥာဏ်ဝင်းက ပြောပါတယ်။

‘’ပါတီရောလူရော အခုကအသစ်တွေဖြစ်ကြတဲ့အခါမှာ စည်းရုံးရေးဌာနနဲ့ပတ်သက်ပြီးတော့ ဘယ်သူ ဘာလုပ်ရမလဲဆိုတာလေးကို စာရွက်စာတမ်းနဲ့ ထင်ထင်ရှားရှားဖြစ်အောင် ထုတ်လိုက်တဲ့သဘောပါ၊ စာနဲ့ပေနဲ့ အရင်ကညွှန်ကြားတာမျိုး တချို့လည်းရှိခဲ့ပေမယ့် တချို့လည်း မရှိခဲ့ဘူး၊ ဒါကြောင့် စာနဲ့ ပေနဲ့ ဖြစ်အောင် ထုတ်လိုက်တာပါ ’’

နိုင်ငံရေးပါတီတစ်ရပ်ဟာ ပြည်သူနဲ့ အမြဲထိတွေ့ဆက်ဆံတာတွေ လုပ်ဆောင်ဖို့အတွက် လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ သက်ဆိုင်ရာအလုပ်အမှုဆောင်တွေက စည်းစည်းလုံးလုံးနဲ့ လုပ်ဆောင်ကြဖို့လိုတယ်လို့ ပြောပါတယ်။

ပါတီဝင်တွေဖြစ်ကြတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ အစိုးရအဖွဲ့တာဝန်ရှိသူတွေအနေနဲ့လည်း ထိတွေ့ဆက်ဆံမှုနည်းကြတဲ့အတွက် လွှတ်တော်နဲ့ အစိုးရအပြန်အလှန်ထိန်းကြောင်းမှုမှာ လျော့နည်းတာတွေဖြစ်နေတယ်လို့လည်း ထောက်ပြပါတယ်။

လာမယ့် ၂၀၂၀ ရွေးကောက်ပွဲကာလအတွက် ဒီထုတ်ပြန်ချက်ဟာ အကျုံးဝင်တယ်လို့လည်း ဆိုပါတယ်။

ပါတီရဲ့ အဖွဲ့ဝင်တွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရအဖွဲ့ဝင်တွေအနေနဲ့ အပြန်အလှန် လေးစားမှု၊ နားလည်မှု၊ ယုံကြည်မှုတို့နဲ့ စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ကြရမယ်လို့ လမ်းညွှန်ချက်မှာ ပါရှိပါတယ်။

ဒါ့အပြင် ပြည်သူတွေ စိတ်ငြိုငြင်စေပီး ပါတီရဲ့ စည်းရုံးရေး နဲ့ ညီညွတ်ရေးကို ထိခိုက်ပျက်ပြားစေမယ့် အပြောအဆို၊ အပြုအမူ၊ အကျင့်စာရိတ္တပျက်ပြားမှုနဲ့ ဝါဒစွဲ၊ ဆန္ဒစွဲ၊ ပုဂ္ဂိုလ်စွဲ၊ လူမျိုးစွဲတွေကို ရှောင်ကြဉ်ဖို့လည်း သတိပေးထားပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese
NLD ပါတီ စည်းရုံးရေး ပိုထိရောက်စေဖို့ လမ်းညွှန်ချက်ထုတ်ပြန် NLD ပါတီ စည်းရုံးရေး ပိုထိရောက်စေဖို့ လမ်းညွှန်ချက်ထုတ်ပြန် Reviewed by THITHTOOLWIN on 17:37 Rating: 5
Powered by Blogger.