ညအချိန် ပြည်လမ်းမပေါ်၌ အုပ်စုဖွဲ့၍ လုယက်သူများကို ဖမ်းဆီးရမိ

ကိုရီးယားနိုင်ငံသို့ သွားရောက်မည့် သားဖြစ်သူကို လေဆိပ်သို့ပို့ဆောင်ပြီးပြန် လာသည့် မိသားစုအား ညအချိန် ပြည်လမ်းမပေါ်၌ အုပ်စုဖွဲ့၍ လုယက်သူများကို ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ဖော်ထုတ်ဖမ်းဆီးရမိ
ရန်ကုန်၊ ဇူလိုင် ၅

ပြီးခဲ့တဲ့ မေလ ၂ ရက်နေ့ ည ၉ နာရီအချိန်ခန့်တွင် ပဲခူးမြို့နေ ဒေါ်---- သည် ကိုရီးယားနိုင်ငံသို့သွားရောက်မည့် သားဖြစ်သူအား မိသားစုနှင့်အတူ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ၎င်းတို့ပိုင်မော်တော်ယာဉ်ဖြင့် လိုက်လံပို့ဆောင်ပြီး ပြန်လာစဉ် မင်္ဂလာဒုံမြို့နယ်၊ ပြည်လမ်း၊ ဘီအိုစီ မှတ်တိုင်အနီးအရောက်တွင် မြေးဖြစ်သူ ကလေးငယ်မှ အပေါ့သွားချင်သဖြင့် ကားရပ်၍အပေါ့သွားနေစဉ် အဖြူရောင်မော်တော်ယာဉ် တစ်စီးမှ၎င်းတို့၏ယာဉ်ရှေ့တွင်ပိတ်ရပ်ကာ ဓားများ ကိုင်ဆောင်လာသော အမျိုးသား ၄ ဦးဆင်းလာပြီး တစ်ဦးမှ ဒေါ်----အား ဓားဖြင့်ထောက်ကာ ငွေကျပ် ၄သိန်းခွဲထည့်ထားသော စလင်းဘက်အိတ်နှင့် ခြယ်နားကပ် ၁ရံ၊ MC ရွှေဆွဲကြိုး ၁ ကုံး၊ ကျောက်ဖြူပါ ရွှေလက်စွပ် ၁ ကွင်း၊ Mi အမျိုးအစား လက်ကိုင်ဖုန်း ၁ လုံး၊ i phone 7 လက်ကိုင်ဖုန်း ၁ လုံး၊ SAMSUNG Note 3 လက်ကိုင်ဖုန်း ၁ လုံး၊ ပလက်တီနမ်ဆွဲကြိုး ၁ ကုံး၊ ဖန်စီဆွဲကြိုး ၁ ကုံးနှင့် မောင်းကွင်းလက်စွပ် ၁ ကွင်း၊ စုစုပေါင်းတန်ဖိုးငွေကျပ် (၄၁၂၀၀၀၀)တို့အား လုယက်ယူဆောင်သွားခဲ့သဖြင့် မင်္ဂလာဒုံမြို့မရဲစခန်း(ပ)၅၄၄/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ-၃၉၂/၁၁၄ ဖြင့် အမှုဖွင့်ကာ ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်ခဲ့ပါသည်။

အဆိုပါအမှုနှင့်စပ်လျဉ်း၍ မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းနှိမ်နင်းရေးဌာနစုမှ ရဲအုပ် ထွန်းလင်း ခေါင်းဆောင်သော ရဲတပ်ဖွဲ့ဝင်များက ရွှေပြည်သာမြို့နယ်၊ လှော်ကားနယ်မြေရဲစခန်း (ပ)၃၆၀/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ-၃၉၄ အမှုဖြင့်ဖမ်းဆီးထားသော ရွှေပြည်သာမြို့နယ်နေ သက်ထွေး(ခ)တိုက်မောင်း(ခ) အသေးလေးအားစစ်ဆေးခဲ့ရာ ၎င်းသည် အဆိုပါအမှုအား မွှေးနီ(ခ)သူရိန်ထွန်း၊ မင်းမင်း(ခ)အောင်မျိုးမင်း၊ ကျော်စွာဖြင့်(ခ)ကောင်းစံ(ခ)ဇေဇေ၊ သန့်ဇင်(ခ)
သန့်ဇင်ထိုက်၊ စည်သူအောင်(ခ)စည်သူတို့နှင့်အတူ AA---- Caldina အငှားယာဉ်တစ်စီးအား ငှားရမ်းအသုံးပြုကာ အုပ်စုဖွဲ့၍ လုယက်မှုများ ကျူးလွန်ခဲ့ကြောင်း စစ်ဆေးသိရှိရသည်။

ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးဆောင်ရွက်ခဲ့ရာ ဇွန်လ ၆ ရက် နေ့ နံနက် ၁ နာရီခွဲအချိန်တွင် မင်းမင်း(ခ)အောင်မျိုးမင်းနှင့် ကျော်စွာမြင့် (ခ)ကောင်းစံ(ခ)ဇေဇေတို့ ၂ ဦးအား လုယက်မှုကျူးလွန်ရာတွင် အသုံးပြုသည့်မော်တော်ယာဉ်နှင့်အတူ မရမ်းကုန်းမြို့နယ်၊ ဘုရင့်နောင်တံတားအနီးမှလည်းကောင်း၊ နံနက် ၃ နာရီအချိန်တွင် မွှေးနီ(ခ)သူရိန်ထွန်း(ခ)သူရိန်၊ ထက်နိုင်ဝင်း၊ ဝေယံလင်းတို့အား လှိုင်သာယာမြို့နယ်အတွင်းမှ လည်းကောင်း၊ ဇွန်လ ၉ ရက်နေ့ ညနေ ၆ နာရီခွဲအချိန်တွင် စည်သူအောင်(ခ)စည်သူအား လှိုင်သာယာမြို့နယ်အတွင်းမှလည်းကောင်း၊ ဇွန်လ ၂၄ ရက်နေ့တွင် သန့်ဇင်(ခ)သန့်ဇင်ထိုက်အား ခရမ်း မြို့နယ်မှ လည်းကောင်း
အသီးသီးဖမ်းဆီးရမိခဲ့ပြီး လုယက်မှုကျူးလွန်စဉ်ကအသုံးပြုခဲ့သော လက်နက်များကို AA---- Caldina အငှားယာဉ်ရှေ့ခန်း ယာဉ်မောင်းထိုင်ခုံအောက်ရှိ ခြေနင်းပြားအောက်တွင် ၀ှက်သိမ်းထားကြောင်းတွေ့ရှိ သိမ်းဆည်းရမိခဲ့သည့်အပြင် အမှုမှပါဆုံးသွားသော သက်သေခံပစ္စည်း
များကိုလည်း သိမ်းဆည်းရရှိခဲ့သည်။


ဖမ်းဆီးရမိသည့် ပြစ်မှုကျူးလွန်သူများအား ဆက်လက်ဖော်ထုတ်ခဲ့ရာ သက်ထွေး(ခ)တိုက်မောင်း(ခ)အသေးလေးပါ(၈)ဦးတို့မှ ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလအတွင်းက ရွှေပြည်သာမြို့နယ်၊ (၂)ရပ်ကွက်၌(၁)ကြိမ်၊၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်းက လှိုင်သာယာမြို့နယ်၌(၂)ကြိမ်၊ မတ်လ အတွင်းက လှိုင်သာယာမြို့နယ်အတွင်း၌(၂)ကြိမ်၊ ရွှေပြည်သာမြို့နယ်၌(၁)ကြိမ်၊ ဧပြီလအတွင်းက လှိုင်သာယာမြို့နယ်၌(၅)ကြိမ်၊ ရွှေပြည်သာမြို့နယ်၌(၈)ကြိမ်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌(၁)ကြိမ်၊ မေလအတွင်းက ရွှေပြည်သာမြို့နယ်၌(၃)ကြိမ်၊ လှိုင်သာယာမြို့နယ်၌ (၂)ကြိမ်၊ ဇွန်လဆန်းပိုင်းတွင် လှိုင်သာယာမြို့နယ်၌(၁)ကြိမ်၊ ရွှေပြည်သာမြို့နယ်၌(၂)ကြိမ် အုပ်စုဖွဲ့၍ AA----Caldina အငှားယာဉ်အားအသုံးပြုပြီး ဓားပြခြိမ်းခြောက်ကာ လက်ကိုင်ဖုန်းများ၊ ရွှေထည်လက်ဝတ်ရတနာများ၊ ဆိုင်ကယ်များနှင့် ငွေများကို အကြိမ်ကြိမ်လုယက်ခဲ့ကြကြောင်း ပေါ်ပေါက် ခဲ့သဖြင့် ၎င်းတို့(၈)ဦးအား သက်ဆိုင်ရာရဲစခန်းအသီးသီးတွင် အမှုများရေးဖွင့် အရေးယူဆောင်ရွက်လျက်ရှိပြီး သက်သေခံပစ္စည်းများကို ပြန်လည်သိမ်းဆည်းရမိခဲ့ပါသည်။

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့အနေဖြင့် မော်တော်ယာဉ်/ဆိုင်ကယ်များအသုံးပြုကာ အုပ်စုဖွဲ့လုယက်သူ များအား ဖမ်းဆီးရမိရာမှ ကိုရီးယားနိုင်ငံသို့ သွားရောက်မည့်သားဖြစ်သူကို မင်္ဂလာဒုံလေဆိပ်သို့ပိုဆောင် ပြီးပြန်လာသည့် မိသားစုများအား ညအချိန်ပြည်လမ်းမပေါ်၌ လုယက်မှုကျူးလွန်သူများကို (၂)လအတွင်း ဖော်ထုတ် အရေးယူနိုင်ခဲ့သည့်အပြင် အခြားလုယက်မှုပေါင်း(၃၀)မှုကိုလည်း ဖော်ထုတ်အရေးယူနိုင်ခဲ့ကြောင်း သတင်းရရှိသည်။

Yangon Police
https://www.facebook.com/yangonpolice/
ညအချိန် ပြည်လမ်းမပေါ်၌ အုပ်စုဖွဲ့၍ လုယက်သူများကို ဖမ်းဆီးရမိ ညအချိန် ပြည်လမ်းမပေါ်၌ အုပ်စုဖွဲ့၍ လုယက်သူများကို ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 16:22 Rating: 5
Powered by Blogger.