KIO /KIA အလိုမရှိ ဟု လီဆူတိုင်းရင်းသားများ ဆန္ဒထုတ်ဖော် |
ကေအိုင်အေ/ ကေအိုင်အို လက်နက်ကိုင်အဖွဲ့အစည်းအား လီဆူ တိုင်းရင်းသားများအနေဖြင့် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ပွဲတစ်ရပ်ကို မြစ်ကြီးနားမြို့တွင် မေလ ၂၂ ရက်နေ့ ယနေ့ မနက်က ပြုလုပ်ခဲ့သည်။
လီဆူတိုင်းရင်းသားများအနေဖြင့် ယခုကဲ့သို့ ဆန္ဒပြရခြင်းသည် ပြီးခဲ့သည့်နှစ်က လီဆူတိုင်းရင်းသား ၆ ဦးအား ကေအိုင်အေက သတ်ခဲ့သည့် ဖြစ်ရပ်မျိုး ထပ်မံ မဖြစ်ပွားစေရန် ဖြစ်ကြောင်း အဆိုပါ ဆန္ဒဖော်ထုတ်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးဆီဖာလယ်မယ်တားက မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။
အဆိုပါ ဆန္ဒဖော်ထုတ်ပွဲကို မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့မှ လီဆူတိုင်းရင်းသားများ အဓိက ပါဝင်တက်ရောက်ခဲ့ကြသည်ဟု သိရသည်။
ထိုဆန္ဒဖော်ထုတ်ပွဲကို အခြားမြို့နယ်များမှ လီဆူတိုင်းရင်းသားများပါ တက်ရောက်ခဲ့ကြသော်လည်း လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့် မြို့နယ်များမှ လီဆူတိုင်းရင်းသားများအတွက် ၎င်းတို့၏ ကိုယ်စားလှယ်များသာ တက်ရောက်ခဲ့ကြရသည်ဟု သိရသည်။
လီဆူတိုင်းရင်းသားများအနေဖြင့် KIA/ KIO လူမျိုးခွဲခြား သတ်ဖြတ်မှု အလိုမရှိ၊ အကြမ်းဖက် သောင်းကျန်းသူ KIA/ KIO အလိုမရှိ၊ မတရား ဆက်ကြေး ကောက်/ လူဖမ်း ငွေညှစ်/ လူသတ်သမား KIA/KIO အလိုမရှိ၊ အကြမ်းဖက်သောင်းကျန်းသူ KIA/ KIO ၏ ကျဉ်းမြောင်းသော လူမျိုးဆိုးဝါဒ ကျဆုံးပါစေ၊ လီဆူအမျိုးသား စည်းလုံးညီညွတ်ရေး ဒို့အရေး၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံ အောင်ရမည် အစရှိသည့် ဗွီနိုင်းများကို ကိုင်ဆောင်၍ အထက်ပါ စာသားများကို ကြွေးကြော်ခဲ့ကြသည်။
အဆိုပါ ဆန္ဒဖော်ထုတ်ပွဲတွင် လီဆူတိုင်းရင်းသား နှစ်ထောင် ဝန်းကျင်ခန့် ပါဝင်ခဲ့ကြသည်။
ဝေဖြိုးအောင်
Myitkyina News Journal
https://www.facebook.com/myitkyinanewsjournal.mm
KIO /KIA အလိုမရှိ ဟု လီဆူတိုင်းရင်းသား နှစ်ထောင်ကျော် ဆန္ဒထုတ်ဖော်
Reviewed by THITHTOOLWIN
on
11:13
Rating: