ဦးဝီရသူကို တစ်နိုင်ငံလုံးမှာ တရားဟောခွင့် ၁ နှစ် ပိတ်

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ မစိုးရိမ်တိုက်သစ် နာယကအဖွဲ့ဝင်ဆရာတော် ဦးဝိစိတ္တာဘိဝံသ(ဦးဝီရသူ) ကို တွေ့ရစဉ်။ Photo: RFA
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ မစိုးရိမ်တိုက်သစ် နာယကအဖွဲ့ဝင်ဆရာတော် ဦးဝိစိတ္တာဘိဝံသ (ဦးဝီရသူ)ဟာ ဘာသာတစ်ခုနဲ့ တစ်ခုအကြား အမုန်းတရားတွေပွားများပြီး ဘာသာရေး အဓိကရုဏ်း ဖြစ်စေနိုင် တဲ့ ဟောပြောမှုတွေ၊ နိုင်ငံရေးပါတီတွေအကြား ဘက်လိုက်ဝေဖန်ဟောပြောမှုတွေကို ဒေသအနှံ့အပြားမှာ ကြိမ်ဖန်များစွာပြုလုပ်နေတာကြောင့် မြန်မာနိုင်ငံအတွင်း တရားဟောခွင့် ၁ နှစ် ပိတ်လိုက်တယ်လို့ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့က မနေ့က ရက်စွဲနဲ့ ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

ဦးဝီရသူရဲ့ ဟောပြောချက်တွေနဲ့ပတ်သက်ပြီး တစ်နိုင်ငံလုံးမှာ ပွက်လောရိုက်နေတာကြောင့် မဟန ဆရာတော် ကြီးတွေက မနေ့က နေပြည်တော်မှာ အစည်းအဝေးကျင်းပပြီး ဆုံးဖြတ်လိုက်တာလို့ သာသနာရေးနဲ့ ယဉ်ကျေးမှု ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို က ပြောပါတယ်။

''အဲဒီလိုတောင်းဆိုမှုတွေ ပွက်လောရိုက်နေတဲ့အတွက် ဆရာတော်ကြီးများ အစည်းအဝေးထိုင်ပါတယ်၊ ဆရာတော်ကြီးများကနေ ၁ နှစ် တစ်နိုင်ငံလုံးမှာ တရားဟောခွင့်ပိတ်ပင်ဖို့ ဆုံးဖြတ်ပါတယ်၊ နိုင်ငံတွင်း မှာ ဖြစ်ပေါ်နေတဲ့ အသံဗလံတွေကြောင့် ဦးဝီရသူရဲ့အပေါ် အဖွဲ့အစည်းတွေဘာတွေရဲ့ ခွင့်ပြုချက်မတောင်း ပဲနဲ့ ဟောချင်ရာဟော ပြောချင်ရာပြောနေတဲ့အပေါ် ဆရာတော်ကြီးများကနေ အဲလိုဆုံးဖြတ်ပါတယ်၊ အဲဒီ ဆုံးဖြတ်ချက်ကို နေပြည်တော်မှာပဲ သာသနာရေးက တာဝန်ရှိသူတွေကို ခေါ်ပြောပါတယ်၊ ဆုံးဖြတ်ချက် မူကြမ်းကိုလည်း ထုတ်ပေးပါတယ်''

ဦးဝီရသူကို ပထမအဆင့်အနေနဲ့ ဆရာတော်ကြီးတွေက ဓမ္မစက်နဲ့ ထိထိရောက်ရောက် ဟန့်တားမှာဖြစ်ပြီး မရရင် အာဏာစက်ကို လွှဲပြောင်းပေးမှာဖြစ်တယ်လို့လည်း ၀န်ကြီး သူရဦးအောင်ကို က ပြောပါတယ်။

ဦးဝီရသူဟာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့က ထုတ်ပြန်ထားတဲ့ ညွှန်ကြားချက်တွေကို ဖောက်ဖျက်ကျူးလွန်နေ တာကြောင့် တရားဟောခွင့် ပိတ်ပင်လိုက်တာဖြစ်ကြောင်း မနေ့က ပြုလုပ်တဲ့ သတ္တမအကြိမ် နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့ ၄၇ ပါးစုံညီ စတုတ္ထအထူး အစည်းအဝေးကနေ ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဦးဝီရသူကို ၂၀၁၇ မတ်လ ၁၀ ရက်နေ့ကနေ ၂၀၁၈ မတ်လ ၉ ရက်နေ့အထိ မြန်မာနိုင်ငံအတွင်း တရားဟောခွင့် ပိတ်ပင်လိုက်ကြောင်းနဲ့ လိုက်နာမှုမရှိဘူးဆိုရင် တည်ဆဲဥပဒေတွေနဲ့ အရေးယူသွားမှာဖြစ်ကြောင်း ထုတ်ပြန်ချက် မှာ ပါရှိပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ဦးဝီရသူကို မန္တလေးတိုင်းဒေသကြီး သံဃနာယကအဖွဲ့က ခေါ်ယူအသိပေးသွားမှာ ဖြစ်တယ် လို့လည်း ကြေညာချက်မှာပါရှိပါတယ်။

RFA Burmese
http://www.rfa.org/burmese
ဦးဝီရသူကို တစ်နိုင်ငံလုံးမှာ တရားဟောခွင့် ၁ နှစ် ပိတ် ဦးဝီရသူကို တစ်နိုင်ငံလုံးမှာ တရားဟောခွင့် ၁ နှစ် ပိတ် Reviewed by THITHTOOLWIN on 18:09 Rating: 5
Powered by Blogger.