လူ ၄၉ ဦးသေဆုံးခဲ့ရသော အော်လန်ဒိုနိုက်ကလပ်ပစ်ခတ်မှုကျူးလွန်သူ၏ ဇနီးကို ဖမ်းဆီး

အော်လန်ဒိုနိုက်ကလပ် တိုက်ခိုက်ခံရမှုတွင် သေဆုံးခဲ့ရသူများ၏ မိသားစုဝင်များက အမှုမှန်ပေါ်ပေါက်ရေးအတွက် ဆန္ဒပြနေကြစဉ်(ဆင်ဟွာ)
   ဝါရှင်တန် ၊ ဇန်နဝါရီ ၁၇ ရက်(ဆင်ဟွာ)

    အမေရိကန်နိုင်ငံ၌ ၂ဝ၁၆ ခုနှစ် ဇွန်လက ဖြစ်ပွားခဲ့သော အော်လန်ဒိုမြို့ ရှိ နိုက်ကလပ်တစ်ခုအား ပစ်ခတ်တိုက်ခိုက်ခဲ့သည့် သေနတ်သမား Omar Mateen ၏ ဇနီးဖြစ်သူကို အမေရိကန်ပြည်ထောင်စုစုံစမ်းစစ်ဆေးရေးဗျူရို(FBI) က ဇန်နဝါရီလ ၁၆ ရက် နံနက်ပိုင်းတွင် ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း တာဝန်ရှိသူများက ဆိုသည်။

အမေရိကန်နိုင်ငံသမိုင်းတစ်လျှောက် အဆိုးဝါးဆုံး သေနတ်ပစ်ခတ်မှုတစ်ခုဖြစ်ခဲ့ရသော အော်လန်ဒိုနိုက်ကလပ်ပစ်ခတ်မှုတွင် ပြစ်မှုကျူးလွန်သူ ခင်ပွန်းဖြစ်သူအား အားပေးကူညီမှုဖြင့် Noor Salman ကို ဖမ်းဆီးလိုက်ခြင်းဖြစ်ကြောင်း CBS သတင်းဌာနက သတင်းဖော်ပြခဲ့သည်။

တိုက်ခိုက်မှုအတွင်း Mateen သည် အိုင်အက်စ်အစ္စလမ်မစ်အစွန်းရောက်အဖွဲ့ ကို သစ္စာခံကြောင်း ပြောကြားခဲ့သည်။

“ Mateen ရဲ့ ဇနီးကို ဖမ်းဆီးလိုက်တယ်ဆိုတာကို ကျွန်တော်အတည်ပြုပါတယ်” ဟု အမေရိကန်နိုင်ငံရှေ့ နေချုပ် Loretta Lynch က MSNBC သတင်းဌာနသို့ ပြောကြားခဲ့ပြီး“ ဒီကိစ္စဟာ အရေးတကြီး ဆက်လက်ကိုင်တွယ်သွားရမဲ့ ကိစ္စပါ” ဟု ၄င်းကဆက်လက်ပြောကြားခဲ့သည်။

အခင်းဖြစ်ည သန်းခေါင်ယံအချိန်တွင် Mateen ၏ မိခင်က Salman အားဖုန်းဆက်၍ သားဖြစ်သူ မည်သည့်နေရာရောက်ရှိနေသည်ကို မေးမြန်းခဲ့ကြောင်း ၊ ယင်းနောက်တွင် ပစ်ခတ်မှုကျူးလွန်နေစဉ်အတွင်း Mateen နှင့် Salman တို့ နှစ်ဦးအကြား အပြန်အလှန်ဖုန်းမက်ဆေ့ခ်ျ ပေးပို့ မှုများပြုလုပ်ခဲ့ကြောင်း  မိသားစုနှင့်ရင်းနှီးသော သတင်းအရင်းအမြစ်တစ်ဦးက NBC သတင်းဌာနသို့  ဇွန်လက ပြောကြားခဲ့သည်။

Salman သည် ခင်ပွန်းဖြစ်သူ တိုက်ခိုက်မှုကျူးလွန်ရန် စီစဉ်ခဲ့သည်ကို မိမိအနေဖြင့် သိရှိခဲ့ခြင်းမရှိကြောင်းပြောကြားခဲ့ပြီး New York Times သတင်းစာနှင့်ပြုလုပ်သော တွေ့ ဆုံမေးမြန်းခန်းပြုလုပ်သည့် နိုဝင်ဘာလအထိ နှုတ်ဆိတ်နေခဲ့သည်။ ၄င်းအား ဇန်နဝါရီလ ၁၇ ရက်တွင် ပထမဆုံးအကြိမ် ရုံးထုတ်ရန် မျှော်လင့်ထားကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com
လူ ၄၉ ဦးသေဆုံးခဲ့ရသော အော်လန်ဒိုနိုက်ကလပ်ပစ်ခတ်မှုကျူးလွန်သူ၏ ဇနီးကို ဖမ်းဆီး  လူ ၄၉ ဦးသေဆုံးခဲ့ရသော အော်လန်ဒိုနိုက်ကလပ်ပစ်ခတ်မှုကျူးလွန်သူ၏ ဇနီးကို ဖမ်းဆီး Reviewed by THITHTOOLWIN on 16:45 Rating: 5
Powered by Blogger.