ဇန်နဝါရီ ၁၉ / DMG
ရမ်းဗြဲမြို့နယ်၊ ကျောက်ချောင်းတိုက်နယ်တွင် အရက်သေစာသောက်စားမှု ပပျောက်ရေးအတွက် တိုက်နယ်တစ်ခုလုံးမှ လူအင်အား ၁၀၀၀ ကျော်ခန့်က ရမ်းဗြဲမြို့ပေါ်ထိတက်ကာ လမ်းလျှောက်ချီတက် ဆန္ဒဖော်ထုတ်ပွဲတစ်ရပ်ကို ယနေ့(ဇန်နဝါရီ ၁၉ ရက်နေ့) နံနက်ပိုင်းက ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ရမ်းဗြဲမြို့နယ်၊ ကျောက်ချောင်းကျေးရွာအုပ်စုအတွင်းတွင် အရက်သေစာသောက်စားမှု များပြားလွန်းနေသည့်အတွက် ကျေးရွာအုပ်စုအတွင်း ဆူပူမှုများဖြစ်ပေါ်လျက်ရှိနေကာ မျိုးဆက်သစ်ကျောင်းသားလူငယ်များလည်း အရက်သောက်စားလာခြင်း များပြားလျက်ရှိနေသည့်အတွက် အရက်သေစာရောင်းစားမှု ပပျောက်ရေးအတွက် ဆန္ဒဖော်ထုတ်ခြင်း ပြုလုပ်ရသည်ဟု ဆန္ဒဖော်ထုတ်ရာမှ ပါဝင်သည့် ဒေါ်ခင်မေရီက DMG ကို ပြောသည်။
“အရက်သောက်လို့ ရွာအတွင်းမှာ ဆူပူမှုတွေမကြာခဏဖြစ်လာပါတယ်။ ရွာတည်ငြိမ်အေးချမ်းမှုကို ရရှိမလာပါဘူး။ ကျောင်းသားတွေကလည်း နေ့စဉ်နေ့တိုင်း အရက်တွေ သောက်လာကြပါတယ်။ ဒါကြောင့် ကျမတို့ဟာ အရင်ကတည်းက အရက်ကင်းစင်တဲ့နယ်မြေဖြစ်ဖို့အတွက် အရက်ဆိုင်တွေ ပိတ်သိမ်းပေးဖို့ သက်ဆိုင်ရာတွေကို တောင်းဆိုဖူးပါတယ်။ ဒါပေမဲ့ ဘာမှထူးခြားမလာပါဘူးရှင့်။ အရက်ဆိုင်တွေ ဆက်တိုက်ဖွင့်ထားရင် ဒီထက်ဆူပူမှုတွေ ထပ်ဖြစ်လာဦးမယ်။ အဲ့ဒီအတွက်ကြောင့် ကျမတို့ တိုက်နယ်တစ်ခုလုံးမှာရှိတဲ့ အမျိုးသမီးတွေ အများစုဦးဆောင်ပြီး ရမ်းဗြဲမြို့ပေါ်အထိ တက်လို့ အရက်ကင်းစင်နယ်ဖြစ်ဖို့ ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။”ဟု ဆန္ဒဖော်ထုတ်ရာမှာ ပါဝင်သူတစ်ဦးဖြစ်သည့် ဆင်ဆီကျေးရွာမှ ဒေါ်ခင်မေရီက ပြောသည်။
ဆန္ဒဖော်ထုတ်ရာမှာ တရားမဝင် တရားဝင် ၊ လိုင်စင်မဲ့ လိုင်စင်ရှိအရက်ကို အာဏာရှင်ဆန်စွာ တစ်ဦးတည်း ရောင်းချခြင်း ပိတ်ပေးပါ စသည့်ဗွီနှိုင်းများ၊ ကြွေးကြော်သံများကို အော်ဆိုပြီး ဆန္ဒပြခဲ့ကြောင်း သိရသည်။
လွန်ခဲ့သည့် သြဂုတ်လ ၁၀ ရက်နေ့ကလည်း တောင်ကုတ်မြို့မှာ အရက်သေစာ ရောင်းချသောက်စားမှု ပပျောက်ရေးအတွက် လူအင်အား ထောင်ချီပြီး ဆန္ဒဖော်ထုတ်ခဲ့ကြသည်။
ဖဒူ ထွန်းအောင်
Development Media Group
https://www.facebook.com/dmgnewsagency
ရမ်းဗြဲမြို့နယ်မှာ အရက်ပိတ်ပင်ပေးရေး လူထုဆန္ဒဖော်ထုတ်
Reviewed by THITHTOOLWIN
on
15:51
Rating:
