အမြန်လမ်းမီးသတ်စခန်းများအား ကားပျက်သည်ဟုဆိုကာ ဖုန်းဘေလ်များ လိမ်လည်တောင်းခံမှုဖြစ်ပွားနေ


အမြန်လမ်းတစ်နေရာအားတွေ့ရစဉ်။
အမြန်လမ်းမီးသတ်စခန်းများအား လမ်းမပေါ်တွင်ကားပျက်နေသည်ဟု လိမ်လည်ဖုန်းဆက်ကာ ဖုန်းဘေလ်များ တောင်းခံနေမှုဖြစ်ပွားနေကြောင်းသိရသည်။

ဖုန်းဆက်လိမ်လည်တောင်းခံသူသည် ရန်ကုန်မြို့နှလုံးရောဂါကု ဆရာဝန်တစ်ဦးနာမည်ကိုအသုံးပြုကာ မိုင်တိုင်နံပါတ်ကိုပြောဆို၍ အဆိုပါနေရာတွင်ကားပျက်နေပြီး ကူညီကယ်ဆယ်ပေးရန်နှင့် ဆက်စရာဖုန်းဘေလ်လက်ကျန်မရှိတော့သည့်အတွက် ငွေဖြည့်ကတ်ပို့ပေးရန် လိမ်လည်၍ ဆက်သွယ်တောင်းခံနေခြင်းဖြစ်သည်။

" ဆရာဝန်တစ်ဦးနာမည်ကိုသုံးပြီး ကျွန်တော်တို့ကို ကားပျက်တယ်ဘာတယ်ဆိုပြီး ယုံကြည်အောင်ပြောတယ်။ ပြီးတော့ ဖုန်းဆက်စရာမရှိတော့လို့ ငွေဖြည့်ကတ်တောင်းတယ်။ အဲ့လူပြောတဲ့နေရာကိုသွားကြည့်ရင် ကားပျက်တဲ့ဖြစ်စဉ်လည်းမရှိဘူး။ အဲ့လိုလိမ်လည်ပြီး ငွေဖြည့်ကတ်လိမ်တောင်းနေတာ"ဟု အမြန်လမ်း မီးသတ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

အဆိုပါဖုန်းဆက်လိမ်လည်သူသည် ဖုန်းကတ်အမျိုးမျိုး ကားအမျိုးစုံလင်စွာပြောဆို၍ လိမ်လည်နေခြင်းဖြစ်ကာ မကြာမကြာဖုန်းဆက်၍လိမ်လည်နေခြင်းဖြစ်သည်။

"အစပိုင်းဂိတ်စခန်းတခုကမသိတဲ့အချိန်တုန်းက ငွေဖြည့်ကတ် ၂ သောင်းဖိုးလောက်ပါသွားတယ်။ လွန်ခဲ့တဲ့ရက်က ကျွန်တော်တို့ဆီဆက်တယ်။ သွားကြည့်တော့မရှိဘူး။ ကျွန်တော်တို့က ကယ်ဆယ်ရေးလုပ်ပေးရတဲ့သူပါ။ သူတို့ကအဲ့လိုတွေဖုန်းဆက် လိမ်လည်နေတော့ တကယ်အကူညီလိုတဲ့သူတွေဖုန်းဆက်ရင်နစ်နာတာပေါ့။" ဟုအဆိုပါ အမြန်လမ်းမီးသတ်တပ်ဖွဲ့ဝင်ကပြောသည်။

အဆိုပါဖုန်းဆက်လိမ်လည်သူအား စုံစမ်းနေပြီး အရေးယူဆောင်ရွက်ရန်လုပ်ဆောင်နေကြောင်းသိရသည်။

သတင်း - ထက်အောင်/ဥက္ကာ
ဓာတ်ပုံ - ဥက္ကာ
Myanmar Citizen News Agency - MCNA
အမြန်လမ်းမီးသတ်စခန်းများအား ကားပျက်သည်ဟုဆိုကာ ဖုန်းဘေလ်များ လိမ်လည်တောင်းခံမှုဖြစ်ပွားနေ အမြန်လမ်းမီးသတ်စခန်းများအား ကားပျက်သည်ဟုဆိုကာ ဖုန်းဘေလ်များ လိမ်လည်တောင်းခံမှုဖြစ်ပွားနေ Reviewed by THITHTOOLWIN on 19:30 Rating: 5
Powered by Blogger.