တော်လှန်ရေးသတင်းသမားတဦးရဲ့ ဒိုင်ယာရီ (၅၄) နိဂုံးပိုင်း

သမ္မတဦးသိန်းစိန်ရဲ့ နော်ဝေခရီးစဉ်နှင့် DVB အော်စလိုရုံး နိဂုံး အစ

DVB ဖြစ်ပေါ်လာရေးအတွက် အဓိကနေရာမှာပါဝင်ခဲ့သူ၊ ၁၉၉၁ မှာ သူရခဲ့တဲ့ နိုဗယ်ငြိမ်းချမ်းရေး ဆုကနေ DVB ဖြစ်ပေါ်လာအောင် အားပေးခဲ့သူ ဒေါ်အောင်ဆန်းစုကြည်ရဲ့ခရီးစဉ်အပြီး ၆ လ ၀န်းကျင်အကြာ ၂၀၁၃ ခုနှစ် ဖေဖေါ်ဝါရီလမှာ သမ္မတဦးသိန်းစိန် နော်ဝေးနိုင်ငံဆီရောက်လာ ပါတယ်။ ဒါဟာ မြန်မာသမ္မတဦးရဲ့ ပထမဆုံး နော်ဝေးခရီးစဉ် ဖြစ်သလို ၈ လေးလုံးနောက်ပိုင်း ပထမ ဆုံးအကြိမ် ဥရောပခရီးစဉ်လည်းဖြစ် ပါတယ်။
(၂၀၁၃ ခုနှစ် ဖေဖေါ်ဝါရီလက သမ္မတဦးသိန်းစိန်ကို ဆန္ဒပြနေသူများ)
၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲအပြီးမှာ ဒေါ်အောင်ဆန်းစုကြည် ပါလီမန်ထဲရောက်လာခြင်း၊ နိုင်ငံရေး အကျဉ်းသား အားလုံးနီးပါးပြန်လွတ်လာခြင်း၊ မီဒီယာလွတ်လပ်ခွင့် အတိုင်းအတာတခုအထိရလာခြင်း အပါဝင် သိသာတဲ့ ဒီမိုကရေစီ ပြုပြင်ရေးလမ်းစတချို့ကို ဦးသိန်းစိန်အစိုးရဖက်က လုပ်ပေးခဲ့တဲ့အတွက် နှစ်ပေါင်း ၂၀ ကျော်ပိတ်ဆို့ထားရတဲ့ စီးပွါးရေးပိတ်ဆို့မှု၊ ဗီဇာပိတ်ပင်မှုတို့ကို နော်ဝေးနဲ့ ဥရောပဖက်က တစုံတရာဖြေလျော့ပေးလိုက်တဲ့ လက္ခဏာလို့ လည်းပြောနိုင်ပါတယ်။

သမ္မတနဲ့အတူ ဒု တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီးစိုးဝင်း၊ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ သမ္မတရုံးဝန်ကြီး ဦးစိုးသိန်း၊ ပြန်ကြားရေး ဒုဝန်ကြိးနှင့် သမ္မတ ပြောခွင့်ရပုဂ္ဂိုလ် ဦးရဲထွဋ်နှင့်အတူ တခြားဒုဝန်ကြီးတွေဖြစ်တဲ့ ဦးသန့်ကျော်၊ ဒေါက်တာဒေါ်သက်သက်ဇင်၊ ဒေါက်တာဒေါ်သိန်းသိန်းဌေးနှင့် ဌာနဆိုင်ရာအရာရှိ စုစုပေါင်း ၂၀ လောက် လိုက်ပါလာတဲ့အတွက် ဒီခရီး စဉ်အပေါ် မြန်မာအစိုးရဖက်က များစွာမျှော်လင့်ထားတယ်ဆိုတာ သံသရရှိစရာမလိုပါဘူး။

ဒါဟာ သမ္မတဦးသိန်းစိန်ရဲ့ ပထမဆုံး ဥရောပခရီးစဉ်ဖြစ်တဲ့အပြင် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲအလွန် အရှိန်ကောင်းနေတဲ့ ဒီမိုကရေစီပြုပြင်ရေးကာလဆိုတော့ အားလုံးက ၀မ်းပန်းတသာကြိုဆိုကြလိမ့်မယ် လို့လည်း မြန်မာအစိုးရအဖွဲ့က ထင်ထားပုံရပါတယ်။ ဒါပေမယ့် ထင်ထားသလိုဖြစ်မလာခဲ့ပါ။

ဖေဖေါ်ဝါရီလ ၂၆ ရက်နေ့ ညနေ ၄ နာရီမှာ လူအင်အား ၅၀ ခန့်ပါတဲ့ နော်ဝေးရောက် မြန်မာမိသားစုတွေက သမ္မတ တည်းခိုတဲ့ ဟိုတယ်ရှေ့ကိုရောက်လာပြီး ‘’သိန်စိန် လူလိမ်'' ၊ ''သိန်းစိန်အစိုးရ အလိုမရှိ''၊ ''ကြံ့ဖွံ့ အစိုးရအလိုမရှိ'' ၊  ''၂၀၀၈ ဖွဲ့စည်းပုံ အလိုမရှိ’’ ဆိုတဲ့ ကြွေးကြော်သံတွေကို အော်ပြီ ဆန္ဒပြတာကိုခံလိုက်ရ ပါတယ်။ နော်ဝေးအစိုးရနဲ့ ၂ နိုင်ငံဆွေးနွေးပွဲအပြီးပြန်လာတဲ့ သမ္မတက ဒီလိုဆန္ဒပြမှုအပေါ် အတော်မကျေ မလည်ဖြစ်သွားပုံရပြီး လှည့်တောင်မကြည့်ပဲနဲ့ ဟိုတယ်ထဲ တန်းဝင်သွားပါတယ်။

ဒါပေမယ့် သမ္မတရုံးဝန်ကြီးနဲ့ ပြန်ကြားရေးဒုဝန်ကြီးတို့ကတော့ နည်းဗျုဟာနည်းနည်းပြောင်းပြီး ဆန္ဒပြ သူတွေထဲက ကို်ယ်စားလှယ် ၂ ဦးကို ဟိုတယ်ထဲ ခေါ်ယူဆွေးနွေးခဲ့ပါတယ်။ “ဘာလို့ ဒီမှာ ဆန္ဒပြနေလဲ၊ နေပြည်တော်အထိ လာလေ့လာကြလေ” လို့ ၀န်ကြီးဦးစိုးသိန်းက ဖိတ်ခေါ်ပြီး  သူတို့ အစိုးရအသစ်က လုပ်နေတဲ့ မြန်ပြည်တခွင် လုပ်ငန်းစဉ်တွေကိုရှင်းပြခဲ့တယ်လို့သိရပါတယ်။

ဒီဆန္ဒပြပွဲဟာ မြန်မာ့နိုင်ငံရေးကို အတော်ကရက်ရိုက်သွားတယ်လို့သိရပါတယ်။ ဘာကြောင့်လည်းဆိုရင် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့သမ္မတ၊ ဒေါ်အောင်ဆန်း စုကြည်ကိုယ်တိုင်က ယုံကြည်ပါတယ်လို့ပြောထားတဲ့ သမ္မတကို ဘာကြောင့်ဆန္ဒပြတာလဲဆိုပြီး လန်ဒန်က BBC အပါဝင် သတင်းဌာန အတော်များများက လှမ်းမေးကြပါတယ်။ ပြည်တွင်းရှိသတင်းသမားတွေက လည်း လှမ်းမေးကြပါတယ်။

သတင်းသမားဆိုလို့ သမ္မတဦးသိန်းစိန်နဲ့အတူ Skynet, MRTV အပါဝင် မြန်မာနိုင်ငံတွင်းက သတင်း သမားတွေ ဒါဇင်နဲ့ချီလိုက်ပါလာတာတွေ့ရပြီး ကျနော်တို့ဆန္ဒပြနေစဉ်မှာ သတင်းရိုက်ယူနေတာတွေ့ရ ပါတယ်။ ဒါပေမယ့် ထူးခြားတာက အရင်က ဒီလိုဆန္ဒပြပွဲသတင်းမျိုးကို မပျက်မကွက်ရိုက်ယူလေ့ရှိတဲ့ အော်စလိုအခြေစိုက် DVB သတင်းဌာနက သတင်းသမားတွေက ဒီပွဲကို သတင်းလာယူခြင်းမရှိပါဘူး။ ဘာဖြစ်လို့လဲဆိုပြီး စုံစမ်းကြည့်တော့ သမ္မတနဲ့ နော်ဝေးအစိုးရအဖွဲ့ဆွေးနွေးပွဲကို အဓိကဦးစားပေး သတင်း ယူနေရလို့ ဆန္ဒပြပွဲဆီမလာဖြစ်တော့တာပါတဲ့။

အစိုးရသတင်းစာရှင်းပွဲမှာ အခန်းနားမှုးဖြစ်သွားတဲ့ DVB ညွှန်မှုး

အစိုးရကိုဆန္ဒပြတဲ့ပွဲဆီ သတင်းယူဖို့ မအားမလပ်ဖြစ်ခဲ့တဲ့ ဒီမိုကရေစီကိုယ်စားပြုသတင်းဌာန DVB ကပုဂ္ဂိုလ်တွေဟာ နောက်တရက်မှာကျင်းပတဲ့ အစိုးရသတင်းစာရှင်းလင်းပွဲမှာတော့ အခန်းနားမှုးအဖြစ်ပါ တာဝန်ယူပေးနေတာကို ထူးဆန်းစွာတွေ့လိုက်ရပါတယ်။ ‘’သမ္မတကြီးနှင့်အဖွဲ့ ကြွရောက်လာပြီဖြစ်တဲ့ အတွက် အားလုံးမတ်တန့်ရပ်ပေးကြပါခင်ဗျား’’ ဆိုပြီး DVB ဒုညွှန်မှုး ကိုခင်မောင်ဝင်းကိုယ်တိုင်က အော်ပြောနေတာကို ကြားခဲ့ရပါတယ်။

(သမ္မတရဲ့ သတင်းစာရှင်းပွဲမှာ အခန်းနားမှုးအဖြစ်တာဝန်ယူနေသူ DVB ဒုညွှန်မှုး)
ရှေ့ဆုံးတန်းမှာထိုင်နေတဲ့ ABSDF, DPNS မှ ရဲဘော်ဟောင်း ၄-၅ ဦးက မထပဲ ဒီတိုင်း ထိုင်နေပါတယ်။ ဒါကို သမ္မတက မျက်စိမျက်နှာမပျက်ပဲ အခန်းနားမှုးတာဝန်ယူထားသူက မျက်နှာပျက်ပြီး ပျာပျာသလဲ ဖြစ်နေတာကို မြင်ရတော့ စိတ်ထဲမှာတမျိုးကြီုးုဖြစ်မိပါတယ်။ ‘’မနေ့က ဆန္ဒပြတာကိုအားမရလို့ ဒီမှာ ဆက်ဆန္ဒပြနေတာကိုသိရဲ့သားနဲ့ ဒီလူက ကျနော်တို့ကိုလာပြီး ထရပ်ခိုင်းနေတယ်ဗျာ’ ဆိုပြီး အဲဒီ ရဲဘော်တွေက ကျနော်ကို ပြန်ပြောပြခဲ့ပါတယ်။

မနေ့က ဆန္ဒပြတာရော၊ ဒီနေ့ အခန်းနားမှာ ထပ်ဆန္ဒပြတာကိုပါ ခံလိုက်ရတဲ့ ဦးသိန်းစိန်ဟာ ရွေးကောက်ခံ သမ္မတဆိုပေမယ့် ဒါတွေကို သီးခံနိုင်ရည်ရှိပုံမရသေးပါ။ ၅ မီနစ်လောက်ပဲ အမှာစကားပြောပြီး တခြား အရေးကြီးလုပ်စရာတွေရှိသေးတယ်။ ကျန်တာကို ၀န်ကြီးဦးစိုးသိန်းနဲ့ ဦးရဲထွဋ်တို့ကိုပဲမေးပါလို့ပြောပြီး ပြန်သွားပါတယ်။ ထူးခြားတာကတော့ အဲဒီလို သမ္မတပြန်တာနဲ့ အခန်းနားမှုး DVB ဒုညွန်မှုးလည်း သမ္မတနောက်ကို တကောက်ကောက်လိုက်သွားတဲ့အတွက် ခုနက ရှေ့ဆုံးတန်းမှာ ဆန္ဒပြခဲ့သူတဦးက အခန်းနားမှုးအဖြစ် အရေးပေါ်တာဝန်ယူပေးလိုက်ရပါတယ်။

အဲဒီနေ့ညနေပိုင်းတက်လာတဲ့ နော်ဝေးသတင်းတွေနဲ့ DVB သတင်းတွေကိုဖတ်ကြည့်တဲ့အခါမှာတော့ အလုပ်များတယ်လို့ပြောပြီး ပြန်သွားတဲ့သမ္မတဟာ DVB ဒုညွှန်မှုးနဲ့အဖွဲ့ကို သူတည်းတဲ့ဟိုတယ်မှာ Exclusive (သီးသန့်) အင်တာဗျုးပေးတယ်လို့ သိရပါတယ်။ အဲဒီအင်တာဗျုးကို DVB အော်စလိုရုံးကနေ နောက်ဆုံးထုတ်လွှင့်တဲ့ အသံလွှင့်ချက်အဖြစ် ထုတ်လွှင့်ပြီးတဲ့နောက် ဖေဖေါ်ဝါရီလ ၂၈ ရက်နေ့မှာ DVB စတူဒီယိုကနေ ထုတ်လွှင့်မှုအားလုံးကို တရားဝင်ရပ်ဆိုင်းလိုက်တယ်လို့ ဒုညွှန်းမှုးကပြောကြောင်း NRK နော်ဝေးသတင်းဌာနမှာ ဓာတ်ပုံနဲ့တကွ ဖေါ်ပြထားတာ တွေ့လိုက်ရပါတယ်။


DVB မဟုတ်တော့တဲ့ DVB

အော်စလိုရုံးကနေ သတင်းတိုက်ရိုက်ထုတ်လွှင့်မှုကို ရပ်နားလိုက်ပြီလို့ ကြေညာပြီးနောက်မှာတော့ ချင်းမိုင်နဲ့ ရန်ကုန်ရုံးဖက်က လှုပ်ရှားမှုတွေ အတော်အရှိန်ကောင်းလာတာကိုတွေ့ရပါတယ်။ နေပြည်တော် အရာရှိတွေနဲ့ DVB အရာရှိတွေကြားဆက်ဆံရေးကလည်း အတော်တိုးတက်လာပါတယ်။ နေပြည်တော်နဲ့ DVB အကြား ပထမ ဆုံး ပူးပေါင်းဆောင်ရွက်မှုကတော့ ၂၀၁၂ ခုနှစ် စက်တင်ဘာ ၂၄-၂၅ က ရန်ကုန် အင်းယားလိပ်ဟိုတယ်မှာကျင်းပတဲ့ (Media in Service to the Public: A Forum on Public Service Broadcasting) “အများပြည်သူအတွက် ဝန်ဆောင်မှု မီဒီယာ- အများပြည်သူအတွက် အသံလွှင့်လုပ်ငန်း ဆွေးနွေးပွဲ” ပဲ ဖြစ်ပါတယ်။
(DVB Multimedia Group နဲ့ အစိုးရပြန်ကြားရေးတို့ ပထမ ဆုံးအကြိမ် ပူးတွဲကျင်းပတဲ့ မီဒီယာ ဆွေးနွေးပွဲ)
အဲဒီနောက်ပိုင်းမှာတော့ နေပြည်တော်ရှိ MRTV က အစိုးရသတင်းသမားတွေကို DVB ဒုညွှန်မှုးနဲ့အဖွဲ့က သင်တန်းပေးတာတွေ၊ ကွန်ပြူတာနဲ့ အသံလွှင့်လုပ်ငန်းသုံးပစ္စည်းလှူတန်းတာတွေလုပ်ခဲ့တယ်လို့ သိရ ပါတယ်။ နောက်ပိုင်းမှာတော့ ကြော်ညာတွေကိုပါလက်ခံပြီး ဒီမိုကရေစီကိုယ်စားပြု အတိုက်ခံ မီဒီယာကနေ commercial စီးပွါးဖြစ် မီဒီယာအဖြစ် အသွင်ပြောင်းတော့မယ်ဆိုပြီး တရားဝင်ကြေညာလိုက်ပါတယ်။

၂၀၁၃ ခုနှစ် အောက်တိုဘာလ ၃ ရက်နေ့က ရန်ကုန်မြို့ ပါ့ခ်ရွိုင်ယယ်ဟိုတယ်မှာ ကျင်းပတဲ့ DVB ကို တော်လှန်ရေးမီဒီယာကနေ စီးပွါးရေး Commercial မီဒီယာအဖြစ် စတင်ရပ်တည်ခြင်း စာနယ်ဇင်း မိတ်ဆက်ပွဲမှာ ဒုညွှန်မှုး ကိုခင်မောင်ဝင်းက အဲဒီလိုပြောသွားတာဖြစ်ပါတယ်။

တချိန်တည်းမှာပဲ DVB, Democratic Voice of Burma ဒီမိုကရက်တစ် မြန်မာ့အသံကို DVB Multimedia Group ဒီဗွီဘီ မာရတီမီဒီယာဂရု အဖြစ် ဦးသိန်းစိန်အစိုးရဆီမှာ မှတ်ပုံတင်လုပ်လိုက်တယ်လို့ လည်း သူကဆိုပါတယ်။ ဒီလိုအမည်ပြောင်းလိုက်တော့ DVB ရဲ့ အဓိပ္ဗယ်က ဘာလဲ။ အရင်အတိုင်း Democratic Voice of Burma ဒီမိုကရက်တစ် မြန်မာ့အသံ ဟုတ်သေးရဲ့လားဆိုပြီး VOA မြန်မာပိုင်းမှ ၀ါရင့်အစီစဉ်မှုး ဦးကျော်ဇံသာက အင်တာဗျုးတခုမှာ ကိုခင်မောင်ဝင်းကို မေးမြန်းခဲ့ပါတယ်။
(တော်လှန်မီဒီယာမှ စီးပွါးဖြစ်မီဒီယာအဖြစ် အသွင်ပြောင်းကြောင်း ကြေညာနေစဉ်)
‘’DVB က DVB ပဲလေ။ အရင်လိုတလုံးချင်းအဓိပါယ်၊ အရှည်အဓိပါယ်ဘာမှမရှိတော့ဘူး’’ လို့ ကိုခင်မောင် ၀င်းက ဖြေကြားခဲ့ပါတယ်။ အဓိပါယ်ကတော့ DVB ဟာ အဲဒီအချိန် ၂၀၁၃ ခုနှစ် အောက်တိုဘာလကစပြီး ‘’Democratic Voice of Burma ဒီမိုကရက်တစ် မြန်မာ့အသံ’’ မဟုတ်တော့ပါ။ ၁၉၉၂ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့မှာစတင်ခဲ့တဲ့ တော်လှန်ရေးကို်ယ်စားပြု၊ ဒီမိုကရေစီလှုပ်ရှားမှုကို်ယ်စားပြု DVB ဟာ အဲဒီနေ့မှာ သက်တန်းကုန်ဆုံးသွားပြီဖြစ်ပါတယ်။

တနည်းအားဖြင့်ပြောမယ်ဆိုရင်တော့ ၂၀၁၃ ခုနှစ် အောက်တိုတာနောက်ပိုင်း ဆက်လက်ရှိနေတဲ့ DVB ဟာ မူလ DVB မဟုတ်တော့ပါ။ ထပ်ရှင်းအောင်ပြောရမယ်ဆိုရင်တော့ ၁၉၉၂ ခုနှစ် ဇူလိုင် ၁၉ ရက်နေ့ ကနေ ၂၀၁၃ ခုနှစ် စက်တင်ဘာလ ၃ ရက်နေ့အထိရှိတဲ့ DVB ဟာ မူလ တော်လှန်ရေးမီဒီယာ DVB ဖြစ်ခဲ့ပြီး ၂၀၁၃ ခုနှစ် အောက် တိုဘာနောက်ပိုင်းဆက်ရှိနေတဲ့ DVB Multimedia Group ဟာ မူလ DVB နဲ့ဘာမှမဆိုင်တဲ့ ပုဂ္ဂလိကပိုင် Commercial စီးပွါးရေး မီဒီယာဖြစ်သွားပြီလို့ အဓိပ္ဗါယ်ရပါတယ်။

ဒီလိုအမည်ပြောင်းလိုက်ပြီဆိုတာကို နော်ဝေးအစိုးရနဲ့ နော်ဝေးပြည်သူတွေကို အသိပေးဖို့အတွက် ၂၀၁၃ ခုနှစ် နိုဝင်ဘာလ ၂၁-၂၂ ရက်တွေမှာ မီဒီယာဆွေးနွေးပွဲကြီးတခု အော်စလိုမှာပြုလုပ်ခဲ့ပါတယ်။ ဒုတိယနေ့ မှာတော့ အော်စလိုရှိ မြန်မာမိသားစုတွေကိုပါ ဖိတ်ကြားပြီး DVB ရုံး ပိတ်လိုက်ပြီဆိုတဲ့အကြောင်း ညွန်မှုး တွေကရှင်းပြခဲ့ပါတယ်။ အဲဒီပွဲကို မြန်မာနိုင်ငံမှ စာနယ်ဇင်းသမားတွေလည်း ဒါဇင်နဲ့ချီတက်ရောက်ခဲ့ ပါ တယ်။
(မြန်မာစာနယ်ဇင်းသမားတွေပါတက်တဲ့ DVB အော်စလိုရုံးပိတ်ပွဲ)
ဒီအခန်းအနားဆီတက်လာတဲ့ အော်စလိုအခြေစိုက် မြန်မာသတင်းသမားတဦးဖြစ်သူ ကိုညို (အရင် အိန္ဒိယ အခြေစိုက် RFA သတင်းထောက်) ကနေ ဘာကြောင့် DVB နော်ဝေးကနေ မြန်မာနိုင်ငံဆီပြောင်းသွား တာလဲ၊ ဒေါ်လာ ၃ သိန်းလာဘ်စားမှုကို ရင်မဆိုင်ရဲလို့လား။ နော်ဝေးအစိုးရက လက်မခံတော့လို့လား ဆိုပြီးမေးပါတယ်။ တခါ ဒီမိုကရေစီကိုယ်စားပြုမီဒီယာကနေ ပုဂ္ဂလိကပိုင်မီဒီယာအဖြစ်အသွင်ပြောင်းလိုက် ပြီဆိုတော့ လက်ရှိ DVB Multimedia Group ကို ဘယ်သူတွေကပိုင်သလဲ။ ညွှန်မှုးတွေက ပိုင်ရှင်ဖြစ်သွား ပြီလား။ စသဖြင့် တည့်တိုးမေးခွန်းထုတ်ပါတယ်။

ဒီမေးခွန်းကို ကိုအေးချမ်းနိုင်နဲ့ ကိုခင်မောင်ဝင်းတို့က တိုက်ရိုက်ဖြေကြားခြင်းမရှိပဲ ''ခင်ဗျားကို ဘယ်သူက ဖိတ်လို့ တက်လာတာလဲ၊ သတင်းထောက်ကတ်ပြပါ'' ဆိုပြီး ခပ်တင်းတင်းတုန့်ပြန်ခဲ့ပါတယ်။ ဧရာတီက ထုတ်ပေးထားတဲ့ သတင်းထောက်ကတ်ကိုပြလိုက်တဲ့အခါမှာတော့ ညွှန်မှုး ၂ ဦး ဘာပြန်ပြောရမှန်းမသိပဲ ''ကျနော်တို့က လက်နက်ချလိုက်တာမဟုတ်ဘူး။ ဒီမိုကရေစီအရေးအတွက် ဆက်လုပ်နေတာပါ'' လို့ ဖြေ ကြားခဲ့ပါတယ်။

ဒါပေမယ့် ဒုတိယ မေးခွန်းဖြစ်တဲ့ ဒေါ်လာ ၃ သိန်းလာဘ်စားမှုနဲ့ လက်ရှိ အသွင်ပြောင်း DVB Multimedia Group ကို ဘယ်သူပိုင်သလဲဆိုတဲ့မေးခွန်းတွေကိုတော့ ဖြေကြားခြင်းမရှိခဲ့ပါဘူး။ ပွဲကလည်း အတော်ရုတ် ရုတ်သဲသဲဖြစ်သွားတော့ ဒီမေးခွန်းကို ထပ်မေးခွင့်မရတော့ပါ။ လက်ရှိ DVB Multimedia Group ကို ဘယ် သူပိုင်သလဲ၊ ဒေါ်လာ ၃ သိန်းလာဘ်စားမှု ဘယ်လိုဖြစ်သွားပြီလဲဆိုတာတွေဟာ တကယ် မေးသင့်တဲ့ မေးခွန်းတွေပဲ မဟုတ်ပါလား။

သေချာတာကတော့ ဒေါ်အောင်ဆန်းစုကြည်၊ ဒေါက်တာစိန်ဝင်းနဲ့ ဒီမိုကရေစီအင်အားစုတွေက DVB Multimedia Group ကို အုပ်ချုပ်ပိုင်ခွင့်မရှိတော့ပါ။ ဒါဖြင့် ပိုင်ကော ပိုင်သေးလား။ ဆိုင်ကော ဆိုင်သေး လား။ ဒါလည်း အားလုံးဝိုင်းစဉ်းစားသင့်တဲ့ ကိစ္စပါပဲ။ တကယ်တော့ DVB တင်မကပါဘူး။ ၈ လေးလုံး အရေးတော်ပုံနဲ့ ဒီမိုကရေစီအရေးလှုပ်ရှားမှုကိုအခြေခံပြီး၊ တော်လှန်ရေးကိုကိုယ်စားပြုပြီး အလှူရှင်ငွေ နဲ့ပေါပေါက်လာခဲ့တဲ့ ဧရာဝတီ၊ မဇျိမ အပါဝင် ပြည်ပကနေ နေပြည်တော်ဆီပြန်ဝင်သွားတဲ့သတင်းဌာန အားလုံးကို ဘယ်သူပိုင်သလဲ ဆိုတာဟာ မေးခွန်းတခုအဖြစ်ရှိနေဆဲပါ။

သေချာတာကတော့ ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလကုန်ကစပြီး နော်ဝေးမှာ မှတ်ပုံတင်လုပ်ထားတဲ့ Democratic Voice of Burma Foundation ဟာ နော်ဝေးမြေ ပေါ်ကနေ လုံးဝပြောင်းသွားခဲ့ပါပြီ။ ၁၉၉၂ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့ကတည်းကစတင်ခဲတဲ့ တော်လှန်ရေးမီဒီယာ DVB ရဲ့ မှတ်ပုံတင်ကို နော်ဝေးက တရားဝင်ဖျက် သိမ်းလိုက်ပြီဖြစ်ပါတယ်။

ဒါကြောင့် တော်လှန်မီဒီယာ DVB ရဲ့အခန်းကဏ္ဍဟာ ဒီမှာပဲ တခန်းရပ်သွားပြီး နောက်ထပ်ဆက်ရှိနေတဲ့ DVB Multimedia Group ဟာ အရင် DVB နဲ့ ဘာမှမဆိုင်တော့ဘဲ စီးပွါးရေးမီဒီယာသာဖြစ်တော့တဲ့ အတွက် ကျနော်အပါဝင် အရင်လူဟောင်းတွေ၊ မူဟောင်းတွေနဲ့ ဘာမှမဆိုင်တော့ပါ။ ဒါကြောင့် အခန်း ဆက်ရေးသားလာခဲ့တဲ့ ''တော်လှန်ရေး သတင်းသမားတဦးရဲ့ဒိုင်ယာရီ'' ကို မူလ DVB သက်တန်းကုန် သွားတဲ့ ၂၀၁၃ ခုနှစ် နိုဝင်ဘာလမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။  ။
....................................................................................

အသိပေးတင်ပြချက်နှင့် အကြံအညဏ်တောင်းခံချက်။
ဧပြီလ ၆ ရက်၊ ၂၀၁၅။

တနှစ်ကျော်ကြာရေးသားခဲ့တဲ့ အထက်ဖေါ်ပြပါ အခန်း ၅၄ ခန်းစလုံးကိုပေါင်းပြီး စာအုပ်အဖြစ်ထုတ်ဝေဖို့ အစီအစဉ်ရှိပါကြောင်း စာဖတ်သူများအား လေးစားစွာအကြောင်းကြား အသိပေးအပ်ပါတယ်။

ဒါကြောင့် အထက်ဖေါ်ပြပါ အခန်း ၅၄ ခန်းထဲမှာ လွှဲချော်နေတဲ့အချက်တွေ၊ လိုအပ်နေတဲ့အချက်တွေ၊ ဝေဖန်အကြံပြုစရာရှိတာတွေရှိပါက ကျနော့်ဆီ ပွင့်လင်းစွာဝေဖန်ရေးသားအကြံပြုနိုင်ပါကြောင်း ဖိတ်ခေါ် အပ်ပါတယ်။

အထူးသဖြင့် DVB ၀န်ထမ်းဟောင်း၊ ၀န်ထမ်းသစ်တွေ။ ABSDF, NCGUB နဲ့ တော်လှန်ရေးအဖွဲ့အစည်း အသီးသီးက DVB နဲ့ ပတ်သက်ခဲ့ဖူးသူတွေရဲ့ အမြင်တွေ၊ အကြံပြုချက်တွေကို မျှော်လင့်နေပါတယ်။

လာမဲ့ ဇူလိုင်လ ၁၉ ရက်နေ့ DVB (Democratic Voice of Burma) ဒီမိုကရက်တစ်မြန်မာ့အသံ စတင်ထူ ထောင်ခြင်း ၂၅ နှစ်ပြည့်နေ့မှာ ဒီစာအုပ်ထုတ်နိုင်လိမ့်မယ်လို့မျှော်လင့်ထားပါတယ်။

အားလုံးကို လေးစားလျက်
ထက်အောင်ကျော်။
http://www.htetaungkyaw.net/2015/03/blog-post_28.html
တော်လှန်ရေးသတင်းသမားတဦးရဲ့ ဒိုင်ယာရီ (၅၄) နိဂုံးပိုင်း  တော်လှန်ရေးသတင်းသမားတဦးရဲ့ ဒိုင်ယာရီ (၅၄) နိဂုံးပိုင်း Reviewed by သစ်ထူးလွင် on 03:55 Rating: 5
Powered by Blogger.