မြင်းခြံကျောင်းသားနှင့် ပြည်သူ ပထမအကြိမ်ရုံးထုတ်


 မြင်းခြံထောင်မှာ ဖမ်းဆီး ချုပ်နှောင်ထားတဲ့ သပိတ်မှောက် ကျောင်းသားနဲ့ ၀န်းရံသူ စုစုပေါင်း ၆ ဦးကို ဒီနေ့ မွန်းလွဲပိုင်းက မြင်းခြံမြို့နယ်တရားရုံးမှာ ပထမဆုံးအကြိမ် ရုံးထုတ်ခဲ့ပါတယ်။

မြင်းခြံထောင်မှာ ဖမ်းဆီးချုပ်နှောင်ထားတဲ့ သပိတ်မှောက်ကျောင်းသား ၂ ယောက်နဲ့ ၀န်းရံသူပြည်သူ ၄ ယောက်ကို ရုံးထုတ်ခဲ့တာ ဖြစ်ပြီး သူတို့ကို စတင်စစ်ဆေးခြင်းမရှိသေးဘဲ ရုံးချိန်း ထပ်ပေးလိုက်တယ်လို့ အကျိုးဆောင်ရှေ့နေ ဦးမြင့်သွင်က ပြောပါတယ်။

“ကျနော်တို့တော့ မသိရဘူး။ သူတို့ ၆ ယောက်နဲ့ တရားခံပြေးတွေ ရှိသေးတယ်လို့ ပြောတယ်။ တရားခံပြေးတွေကို ဆင့်စာရယ် ရဲနဲ့ ရပ်ကွက်လူကြီးတွေကို ဥပဒေအရ စစ်ရအုန်းမှာလေ၊ သူတို့ကို စစ်ပြီးမှ ဒီ ၆ယောက်အမှုကို ဆက်စစ်မှာ ခင်ဗျ။”

ဧပြီ ၂၄ ရက်ကို ရုံးချိန်း ထပ်ပေးလိုက်ပြီး ကျောင်းသားတွေ ဖြစ်ကြတဲ့ ကိုဉာဏ်မြင့်သန်းနဲ့ ကိုစည်သူမြတ်၊ ၀န်းရံသူပြည်သူတွေဖြစ်ကြတဲ့ ဦးစိန်ဝင်း၊ မဖြူ၊၊ ကိုကျော်သန်းထွန်းနဲ့ ကိုသန့်ဇင် တို့ကို ပုဒ်မ ၁၄၃၊ ၁၄၅၊ ၅၀၅ (ခ) တို့နဲ့ အမှုဖွင့်ထားတာ ဖြစ်ပါတယ်။

စွဲထားတဲ့ ပုဒ်မတွေကတော့ ပုဒ်မ ၁၄၃  (ဥပဒေနှင့် ဆန့်ကျင်သော အစုအဝေးတခုတွင် ပါဝင်သူ)၊ ပုဒ်မ ၁၄၅ (လူစုခွဲရန် အမိန့်ပေးပြီးကြောင်းသိလျက် ဥပဒေနဲ့ ဆန့်ကျင်သော အစုဝေးတွင်ပါဝင်နေခြင်း)၊ ပုဒ်မ ၅၀၅(ခ) (အများပြည်သူ၏ အကျိုးပျက်စီးစေမှု) တွေပဲဖြစ်ပါတယ်။

မတ် ၂၇ ရက်က ရန်ကုန်၊ မန္တလေးနဲ့ မြင်းခြံအပါအ၀င် မြို့ပေါင်း ၁၀ ကျော်မှာ လက်ပံတန်းကျောင်းသား အကြမ်းဖက်ဖြိုခွဲခဲ့တာကို ကျောင်းသားနဲ့ ပြည်သူတွေက ဆန့်ကျင်ကန့်ကွက် ဆန္ဒပြခဲ့ကြပြီး ဆန္ဒပြပွဲမှုအတွင်း မြင်းခြံမှာ ၅ ဦးနဲ့ ရန်ကုန်မှာ ၃ ဦး စုစုပေါင်း ၈ ဦးကို အာဏာပိုင်တွေက ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

By ရွှေအောင် (ဒီဗွီဘီ)
http://burmese.dvb.no
မြင်းခြံကျောင်းသားနှင့် ပြည်သူ ပထမအကြိမ်ရုံးထုတ်   မြင်းခြံကျောင်းသားနှင့် ပြည်သူ ပထမအကြိမ်ရုံးထုတ် Reviewed by သစ်ထူးလွင် on 15:01 Rating: 5
Powered by Blogger.