လူငယ် ၁ ဘီလီယံကျော် အကြားအာရုံပျက်စီးဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ပြော


ကမ္ဘာပေါ်က လူငယ် ၁ ဘီလီယံကျော်ဟာ ကျယ်လောင်တဲ့ ဂီတသံတွေကို နားထောင်လို့ အကြားအာရုံ ပျက်စီးတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (ဒဗလျူအိပ်ခ်ျအို) က ဖေဖော်ဝါရီ ၂၇ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။

ဒီအထဲက တ၀က်ဟာ အသက် ၁၂ နှစ်ကနေ ၃၅ နှစ်တွေ ဖြစ်သလို အန္တရာယ်ရှိ ကျယ်လောင်တဲ့ ဂီတသံတွေကို ဖုန်းတွေက တဆင့်နားထောင်တဲ့ ၀င်ငွေ အလယ်အလတ်နဲ့ မြင့်မားတဲ့နိုင်ငံတွေက ဖြစ်တယ်လို့ အေအက်ဖ်ပီသတင်းက ရေးပါတယ်။

၄၀ ရာခိုင်နှုန်းဟာလည်း စင်မြင့်ဖျော်ဖြေပွဲ ညကလပ်တွေက အသံတွေကြောင့် အကြား အာရုံ ပျက်စီးခဲ့ရတယ်လို့ ဆိုပါတယ်။

အကြားအာရုံ ပျက်စီးသွားရင် ပြန်မရတော့ဘူးဆိုတာကို လူငယ်တွေ နားလည်သင့်သလို လူငယ် အတော်များများ အန္တရာယ်ရှိတယ်လို့ သတ်မှတ်ထားတဲ့ အသံနဲ့ ထိတွေ့မှုတွေ ရှိနေတယ်လို့ ဒဗလျူအိပ်ခ်ျအိုက အကြားအာရုံဆိုင်ရာ ကျွမ်းကျင်သူ ရှယ်လီ ချဒါက ပြောပါတယ်။

အသံအတိုးအကျယ်ကို တိုင်းတာတဲ့ အခြေခံ ယူနစ် ၈၅ ဒက်ဆီဘယ်ကျော်တဲ့ အသံနဲ့ ၈ နာရီကြာ ထိတွေတာ ၁၀၀ ဒက်ဆီဘယ်ကို ၁၅ မိနစ် ထိတွေ့တာဆိုရင် မလုံခြုံဘူးလို့ ဒဗလျူ အိပ်ခ်ျအိုက  သတ်မှတ် ထားပါ တယ်။

အနိမ့်ဆုံးနဲ့ အဆင့်နဲ့ ဖုန်းတွေ၊ ကတ်ဆက်စတဲ့ အသံတွေကို တရက်ကို တနာရီကျော်ကြာ မထိတွေ့သင့်ဘူးလို့ ဒဗလျူအိပ်ခ်ျအိုက အကြံပြုပါတယ်။

ဒါအပြင် နားကြပ်တွေနဲ့ အသံကျယ်ကျယ် နားထောင်မယ်ဆိုရင်တော့ ပုံမှန် စစ်ဆေးဖို့ လိုတယ်လို့လည်း ဆိုပါတယ်။

၂၀၁၀ တောင်အာဖရိက ကမ္ဘာဖလားပြိုင်ပွဲမှာ အသုံးပြူတဲ့ ဗူဗူဇီလာ လေမှုတ် ကိရိယာရဲ့ အသံက ၁၂၀ ဒက်ဆီဘယ်ကျော်ရှိတဲ့ အတွက် အကြားအာရုံကို ထိခိုက်နိုင်တယ်လို့ ဆိုပါတယ်။

ကမ္ဘာတ၀န်း အကြားအာရုံ ပျက်စီးတဲ့လူ သန်း ၃၆၀ ရှိတယ်လို့လည်း ဒဗလျူအိပ်ခ်ျအိုက ခန့်မှန်းပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no
လူငယ် ၁ ဘီလီယံကျော် အကြားအာရုံပျက်စီးဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ပြော လူငယ် ၁ ဘီလီယံကျော် အကြားအာရုံပျက်စီးဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ပြော Reviewed by သစ်ထူးလွင် on 17:54 Rating: 5
Powered by Blogger.