ခရီးသည်တင်မှန်လုံယာဉ်က လိုက်ထရပ်ယာဉ်အား အရှိန်မထိန်းနိုင်ဘဲ နောက်မှဝင်ရောက်တိုက်မိ၍ (၂)ဦးသေ၊ (၂ဝ)ဦးဒဏ်ရာရ |
၂ဝ၁၅ ခုနှစ်၊ မတ်လ ၂၂ ရက်နေ့ နံနက် ၁ နာရီ ၅ဝ မိနစ်အချိန် ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ ရန်ကုန်- မန္တလေး အမြန်လမ်း၊ မိုင်တိုင်အမှတ်(၁၇၅/၆-၇)ကြားတွင် ယာဉ်တိုက်မှု ဖြစ်ပွားကြောင်း သတင်းအရ သာဂရအမြန်လမ်းမကြီး ရဲစခန်းမှတပ်ဖွဲ့ဝင်များနှင့် အမြန်လမ်း မီးသတ်တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။
စစ်ဆေးချက်အရ မန္တလေးမှ ရန်ကုန်သို့ ထင်လင်းဦး(၄ဝ)နှစ်ခန့်မောင်းနှင်လာသော 3H/xxxx ''မန်းရွှေပြည်''ခရီးသည်တင်မှန်လုံ ယာဉ်မှာ အရှိန်မထိန်းနိုင်ဘဲ ရှေ့မှ စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ ဆားတောင်ကျေးရွာနေ ဦးရွှေဘ(၄၉)နှစ်မောင်းနှင်သည့် ၈ဃ/xxxx လိုက်ထရပ်အဖြူရောင်ယာဉ်၏နောက်ပိုင်းအား ဝင်ရောက် တိုက်မိခဲ့သဖြင့် လိုက်ထရပ်ယာဉ်မှာ လမ်းယာဘက်ဘေးရှိ မြေသားလမ်းပေါ်သို့ ရောက်ရှိတိမ်းမှောက် ခဲ့ကာ ''မန်းရွှေပြည်''ခရီးသည်တင်ယာဉ်မှာ မိုင်တိုင်အမှတ်(၁၇၅/၄)၌ ရပ်တန့်သွားပြီး ယာဉ်မောင်း ထင်လင်းဦးမှာ ထွက်ပြေးတိမ်းရှောင်သွားခဲ့ကြောင်း သိရှိရသည်။
ထိုသို့တိုက်မိမှုကြောင့် ''မန်းရွှေပြည်'' ခရီးသည်တင်ယာဉ်ပေါ်တွင်လိုက်ပါလာသူများ ထိခိုက်ဒဏ်ရာရရှိမှုမရှိသော်လည်း လိုက်ထရပ်ယာဉ် ပေါ်တွင် လိုက်ပါလာသူများအနက် ဆားတောင်ကျေးရွာနေ ဒေါ်ငြိမ်း(၇၃)နှစ်နှင့် မအိမြတ်သွယ်(၁၂)နှစ် တို့တွင် ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာတွင်သေဆုံးသွားခဲ့ပြီး လိုက်ထရပ်ယာဉ်မောင်း ဦးရွှေဘနှင့် တစ်ရွာတည်းနေ ဦးကံဆယ်(၇၃)နှစ်ပါ ကျား ၉ ဦး၊ မ ၁၁ ဦး၊ စုစုပေါင်း(၂ဝ)ဦးတို့တွင် ဒဏ်ရာများ အသီးသီးရရှိခဲ့သဖြင့် ဆွာတိုက်နယ်ဆေးရုံမှတစ်ဆင့် နေပြည်တော်ကုတင်(၁ဝဝဝ)ပြည်သူ့ဆေးရုံကြီးသို့ ကူညီပို့ဆောင်ပေးခဲ့သည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ သာဂရအမြန်လမ်းမကြီးရဲစခန်း ယာဉ်(ပ)၃/၂ဝ၁၅၊ ပြစ်မှုပုဒ်မ ၃ဝ၄-က/၃၃၇/၃၃၈/၂ဝ၂ ဖြင့် အမှုဖွင့်အရေးယူထားပြီး ထွက်ပြေးတိမ်းရှောင်နေသည့် ယာဉ်မောင်း ထင်လင်းဦးအား ဖမ်းဆီးရမိရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
ရဲဇာနည်
https://www.facebook.com/yezarnimedia
''မန်းရွှေပြည်'' ယာဉ်တိုက်မှု (၂)ဦးသေ၊ (၂ဝ)ဦးဒဏ်ရာရ
Reviewed by သစ်ထူးလွင်
on
21:02
Rating: