ရှမ်းပြည်မြောက်ပိုင်း၊ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်နယ်မြေတွင် တိုက်ပွဲများ ဖြစ်ပွားနေသည်မှာ ရက်နှစ်ဆယ်ကျော်လာပြီ ဖြစ်သော်လည်း စစ်ဘေးရှောင်ဒုက္ခသည်များ အဆက်မပြတ်လာရောက် နေဆဲသာဖြစ်ကြောင်း ကူညီလုပ်ကိုင် ပေးနေသူများ ထံမှသိရသည်။
လားရှိုးမြို့၊မန်ဆူကယ်ဆယ်ရေးစခန်းအား ၉.၂.၂၀၁၅မှစတင်ဖွင့်လှစ်ခြင်းဖြစ်ပြီး ၁၂ရက်နေ့မှစကာ ၁၉ရက်နေ့ထိ တစ်ရက်လျှင် စစ်ဘေးရှောင်ဒုက္ခသည်တစ်ထောင်ကျော်နီးပါးအား ကူညီကယ်ဆယ်ရေး လုပ်ငန်းများဆောင်ရွက်ပေးရကြောင်း၊၂၀ရက်နေ့မှ ယနေ့(၁.၃.၂၀၁၅)ထိလည်း စစ်ဘေးရှောင် ဒုက္ခသည်များ လာရောက်နေဆဲသာဖြစ်သည်ဟု ယင်းကယ်ဆယ်ရေးစခန်းတွင် ကူညီလုပ်ကိုင်ပေးနေသည့် လူမှုရေးအသင်းများအဖွဲ့များထံမှသိရသည်။
“ဒီနေ့ညနေသုံးနာရီလောက်မှာကားကြီးနှစ်စင်းနဲ့ ဒုက္ခသည်အယောက်နှစ်ရာကျော်လာဦးမှာပါ။ မနေ့ကလည်းလာတာပါပဲ၊ကယ်ဆယ်ရေးစခန်းစဖွင့်ကတည်းကနေ ဒီနေ့ထိလူတစ်သောင်းကျော်ရှိပါပြီ”ဟု လားရှိုး၊မန်ဆူဘုန်းကြီးကျောင်းအတွင်းကယ်ဆယ်ရေးလုပ်ငန်းများလုပ်ဆောင်ပေးနေသည့် လူမျိုးမရွေး၊ဘာသာမရွေးလူငယ်မွတ်စလင်အသင်းမှ မမီးကပြောသည်။ “ကျွန်မတို့အဖွဲ့က ၂၃ဦးပါတယ်။ တရုတ်ပြည်၊နမ့်ဆန်အတွင်းထဲမှာ ကြံခုတ်နေကြတာ၊အဲဒီဘက်ကအေးချမ်းပေမယ့် တိုက်ပွဲတွေ ဖြစ်နေပြီဆိုတော့ ကြောက်လို့ နမ့်ဆန်ကနေလောက်ကိုင်ထိ ခြေကျင်လျှောက်ပြန်လာကြတယ်။ လောက်ကိုင်မှာတညအိပ်ပြီးမနက်ကျ ချင်းရွှေဟော်ကိုပြန်လာတာ.လုံထန်းမှာ ကိုဝေဠုကျော် ကိုယ်တိုင်လာခေါ်တယ်”ဟု နတ်မောက်ဒေသခံဒေါ်စန်းစန်းက ၂၈.၂.၂၀၁၅နေ့က ပြောသည်။
တရုတ်ပြည်ဘက်တွင် လောက်ကိုင်ဘက်မှ ထွက်ပြေးသည့် စစ်ဘေးရှောင်ဒုက္ခသည် အယောက်သုံးသောင်းကျော်ရှိနေသေးပြီး ပြန်လာရန်အခက်အခဲ ရှိနေသေးသည့်အတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်း(ကွမ်းလုံအခြေစိုက်)နှင့် ဒေသခံပရဟိတအဖွဲ့များဖြင့် နေရပ်ပြန်နိုင်ရေးကြိုးစားကူညီပေးလျက်ရှိကြောင်းကွမ်းလုံကြက်ခြေနီအသင်းသားတစ်ဦးကပြောသည်။
တရုတ်နယ်စပ်တွင်ပိတ်မိနေကာ ပြန်လာရန်အခက်အခဲရှိသည့် ဒုက္ခသည်များအား တိုက်ပွဲများ ဖြစ်ပွားနေသည့်လမ်းများမှ ကွင်းရှောင်ကာ တရုတ်ပြည်ထဲဝင်ပြီး သွားရောက်ကယ်ဆယ်ရန်အတွက် မြန်မာနိုင်ငံကြက်ခြေနီအဖွဲ့ဝင် သရုပ်ဆောင်ဝေဠုကျော်နှင့်အဖွဲ့သားများသက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ချိတ်ဆက်ကြိုးပမ်းလျက်ရှိသည်ကိုလည်း ၂၈.၂.၂၀၁၅နေ့ မနက်ပိုင်းကတွေ့မြင်ခဲ့ရသည်။
တရုတ် မြန်မာနယ်စပ်စစ်ပြေးဒုက္ခသည် စခန်း(BB125)တွင် စစ်ပြေးဒုက္ခသည်များ ထောင်နဲ့ချီ ရှိနေဆဲဖြစ်ပြီးယူနန်ပြည်နယ်အတွင်းရှိမိုက်တိဟော်၊ ဆဟော်၊ ဟော်ဝိုက်စသည့်နေရာများတွင်လည်း စစ်ပြေးဒုက္ခသည်များပြန့်ကျဲလျက်ရှိနေနိုင်သည်ဟု ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးနေသည့် လောက်ကိုင်ဒေသခံဦးမောင်သန်းကပြောသည်။
စိုးကြီး
The Union Daily
https://www.facebook.com/pages/The-Union-Daily
ကိုးကန့်တိုက်ပွဲ ရက်နှစ်ဆယ် ကျော်ပြီ ဖြစ်သော်လည်း စစ်ပြေးဒုက္ခသည်များ အဆက်မပြတ် လာရောက် နေဆဲသာဖြစ်
Reviewed by သစ်ထူးလွင်
on
17:22
Rating:
