တာချီလိတ်ခရိုင် ရွှေတူးဖေါ်ရေးရပ်ဆိုင်းရန် ဒေခံများ သတ္တုတွင်းဝန်ကြီး နှင့် တွေ့ဆုံ

ဂျူလိုင်လ ၁၉ ရက် ၂၀၁၄

 သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့နယ်အတွင်းရှိ ရွှေတူးဖော်ရေး စီမံကိန်းကြောင့် ထိခိုက်နစ်နာရ သော ရွာသားများအား ထိုက်တန်သော လျော်ကြေးပေးရန်နှင့် လယ်ယာမြေ မြစ်ချောင်းအင်းအိုင် များပြန်လည် ပြုပြင်ပေးရန် ကုမ္ပဏီများအား သျှမ်းပြည်နယ် သတ္တုတွင်းဝန်ကြီးဌာနဝန်ကြီး က ပြောဆိုညွှန်ကြား လိုက်ပါသည်။

ဂျူလိုင်လ ၁၈ ရက် က တောင်ကြီးရောက် သျှမ်းပြည်အရှေ့ပိုင်း နားဟိုင်းလုံ အုပ်စုမှ နစ်နာရသည့် တောင်သူလယ် သမားများက သျှမ်းပြည်နယ်အစိုးရ သတ္တုတွင်းဝန်ကြီးဌာန ၀န်ကြီး စိုင်းအိုက်ပေါင်း နှင့်တွေ့ဆုံကာ ရွှေတူးဖော်ရေး စီမံကိန်း ကြောင့် ရွာသားများထိခိုက်နစ်နာမှုများကို ရှင်းလင်းတင်ပြခဲ့ ပါသည်။

“ မိုင်းလင်းလယ်သမားတွေ ကျားဖြူပါတီဥက္ကဌ လဲဖြစ်၊ သစ်တော၊ သတ္တု ၀န်ကြီးလဲဖြစ်တဲ့ စိုင်းအိုက် ပေါင်း နဲ့ တွေ့ဆုံတယ်။ ဆိုင်ရာကုမ္ပဏီတွေကို ၀န်ကြီးက လယ်ယာတဧက ကျပ် ၆ သိန်းပေးလျော်ဖို့ ပြောလိုက်တယ်။ နောက်ပြီး အဆိပ်ရည် ဓါတုရည် တွေဝင်လို့ ပျက်စီးသွားတဲ့ လယ်ယာတွေ မြစ် ချောင်းတွေကိုလည်း အမြန်ဆုံးပြုပြင်ပေးဖို့ ပြောတယ်။ လည်ပတ်နေတဲ့လုပ်ငန်း ရပ်ဆိုင်း ထားဖို့ တောင် ပြောလိုက်တယ်။ အခုလို လူထုဘက်ရပ်တည်ပေးတဲ့ ဝန်ကြီးစိုင်းအိုက်ပေါင်းကို ကျေးဇူး တင်တယ်ဗျာ” - ဟု တွေ့ဆုံပွဲဝင် လယ်သမား လုံးစိုင်းက ပြောသည်။

တာချီလိတ်ခရိုင်၊ တာလေမြို့နယ်ခွဲအရှေ့ဘက် မိုင်းလင်းအနောက်အုပ်စု နားဟိုင်းလုံရွာ လွယ်ခမ်း တောင်ကြောတွင် ကုမ္ပဏီပေါင်း ၁၀ ကျော်က ရွှေတူးဖော်လျှက်ရှိသဖြင့် ဒေသခံလူထု အများအပြားက အခက်အခဲပေါင်း မြောက်များ စွာရင်ဆိုင်နေခဲ့ရသည်။ အဆိုပါ နစ်နာမှုများအား သက်ဆိုင်ရာ အာဏာ ပိုင်များ နှင့်အစိုးရထံအကြိမ်ကြိမ် တင်ပြခဲ့သော်လည်း ကုမ္ပဏီ ၁၀ ကျော် က စီမံကိန်းမရပ်တန့် သဖြင့် ဒေသတွင်း လယ်သမား ၃၀ ခန့် သျှမ်းပြည် မြို့တော်တောင်ကြီးသို့ တက်ရောက်ကာ သတ္တုတွင်းဝန်ကြီး နှင့် တိုက်ရိုက်တွေ့ဆုံခဲ့ခြင်းဖြစ်ပါသည်။

သျှမ်းသံတော်ဆင့်/ စိုင်းဖှ
http://burmese.panglong.org/news/93-2008-08-03-06-48-39/4812-2014-07-19-06-10-33.html



တာချီလိတ်ခရိုင် ရွှေတူးဖေါ်ရေးရပ်ဆိုင်းရန် ဒေခံများ သတ္တုတွင်းဝန်ကြီး နှင့် တွေ့ဆုံ  တာချီလိတ်ခရိုင် ရွှေတူးဖေါ်ရေးရပ်ဆိုင်းရန် ဒေခံများ သတ္တုတွင်းဝန်ကြီး နှင့် တွေ့ဆုံ Reviewed by သစ်ထူးလွင် on 21:00 Rating: 5
Powered by Blogger.