စဥ့်ကူး ရွှေလုပ်သားတစ်ထောင် လုပ်ကွက် ချပေးဖို့ ဆန္ဒပြ

 မန္တလေးတိုင်း ဒေသကြီး စဥ့်ကူးမြို့နယ် ကန်တောင်ရွာက ရွှေလုပ်သား တစ်ထောင်လောက် ဟာ ရွှေလုပ်ကွက် တွေကို ကုမ္ပဏီတွေက လက်ဝါးကြီး အုပ်ထားတာကို ကန့်ကွက်ကြောင်း နဲ့ ကျေးရွာသားတွေ လုပ်ကိုင်စားသောက်နိုင်မယ့် ရွှေလုပ်ကွက် မြေ ၇ ဧက ချထားပေးဖို့ စဥ့်ကူးမြို့နယ် သတ္တုတွင်းဝန်ကြီးဌာနရုံးရှေ့မှာ ဒီနေ့ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

ကန်တောင်ရွာက ရွှေလုပ်ကွက်တွေအားလုံးဟာ အစိုးရနဲ့ ကုမ္ပဏီပိုင်တွေဖြစ်နေတဲ့ အတွက် ဒေသခံတွေ လုပ်ကိုင်စားသောက်ဖို့ မြေနေရာမရှိဖြစ်နေတယ်လို့ ဆန္ဒပြပွဲကို ဦးဆောင်တဲ့ ရွှေလုပ်သား ကိုမောင်ဆွေက ပြောပါတယ်။

"ကျနော်တို့ ဒီရွာသားတွေဘက်ကနေပြီးတော့မှ ဒီမြေယာဟာ ကုမ္ပဏီမြေနဲ့ လွတ်တယ်ပေါ့ အဲ့ဒီမှာ ကျနော်တို့ မြေစာရင်းတွေနဲ့ ခေါ်တိုင်းတာခင်ဗျ၊ ခေါ်တိုင်းတဲ့ အခါကျတော့ ဒီဥစ္စာ ဟာ နိုင်ငံတော်ပိုင်မြေ ဖြစ်နေတယ် ကုမ္ပဏီက မပိုင်ဘူးခင်ဗျ၊ မပိုင်တဲ့ သူတို့ဧရိယာနဲ့ လွတ်နေ တဲ့အခါကျ နိုင်ငံတော်ပိုင်မြေဆိုတော့ ကျနော်တို့ ရွှေလုပ်သားတွေက ကန်တောင်ဒေသ မှာရှိတဲ့ ရွှေလုပ်သားတွေက စုဖွဲ့ပြီးတော့ ဒီလုပ်ကွက်လေးကို ရွာသားပိုင်အဖြစ်ချထားပေးရန် အမှတ်(၂) သတ္တုတွင်းဝန်ကြီးဌာနကို ကျနော်တို့ တောင်းဆို တယ်ခင်ဗျ"

စဥ့်ကူးမြို့နယ် ကန်တောင်ရွာတ၀ိုက်မှာ လွန်ခဲ့တဲ့ ၁၉၉၀ ခုနှစ်မတိုင်ခင်က ဒေသခံရွာသားတွေ က တနိုင်တပိုင် ရွှေတူးတဲ့လုပ်ငန်း လုပ်ကိုင်ခဲ့ကြပြီး အဲ့ဒီနောက်ပိုင်းမှာ ကုမ္ပဏီတွေက အစိုးရ ရဲ့ခွင့်ပြုချက်နဲ့ လုပ်ကွက်တွေကို သိမ်းယူခဲ့တာကြောင့် ဒေသခံတွေ လုပ်ကိုင်စားသောက် ဖို့ နေရာမရှိတောဘူးလို့ ဒေသခံတွေက ပြောကြပါတယ်။

RFA Burmese
https://www.facebook.com/pages/RFA-Burmese/39218993127


စဥ့်ကူး ရွှေလုပ်သားတစ်ထောင် လုပ်ကွက် ချပေးဖို့ ဆန္ဒပြ  စဥ့်ကူး ရွှေလုပ်သားတစ်ထောင် လုပ်ကွက် ချပေးဖို့ ဆန္ဒပြ Reviewed by သစ်ထူးလွင် on 19:59 Rating: 5
Powered by Blogger.