လက်ပံတောင်းဒေသတွင် မျက်ရည်ယိုဗုံးဖြင့် ပစ်ခတ်မှုဖြစ်ဟု ဒေသခံများပြော

မုံရွာ၊ မဇ္ဈိမ။ ။ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းရှိ ဇီးတောရွာနှင့် ကျောက်ဖြူတိုင်ရွာကြား၌ မေလ ၁၈ ရက် ည၁၀နာရီကျော်တွင် ဒေသအာဏာပိုင်များက မျက်ရည်ယိုဗုံးဖြင့် ခွဲလိုက်ကြောင်း အဆိုပါနေရာသို့ ရောက်ရှိနေသည့် အလွတ်တန်း သတင်းထောက်တစ်ဦးနှင့် ဒေသခံဆရာတော် တစ်ပါးထံက သိရသည်။

“ရွာထဲ အဝင်မခံလို့ ခွဲတယ်လို့ ရွာသားတွေကပြောတယ်။ လက်နဲ့ပစ်လိုက်တာ မျက်ရည်ယိုဗုံး သုံးလုံးလို့ပြောတယ်” ဟု အဆိုပါ သတင်းထောက်ကပြောသည်။

ယင်းသို့ မျက်ရည်ယိုဗုံး သုံးလုံး ခွဲသည့် သတင်းနှင့် ပတ်သက်ပြီး အတည်ပြုရန် ယင်းမာပင်ခရိုင် တပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးကြီး တင်မိုးထံ မဇ္ဈိမက ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း ခေါ်ဆို၍ မရပေ။

ဖြစ်စဉ်နှင့် ပတ်သက်ပြီး အတိအကျ မသိရသေးသော်လည်း လက်ပံတောင်းအရေး လှုပ်ရှားသူ တစ်ဦးဖြစ်သည့် ရန်ုကုန်ပြည်သူ့အကျိုးဆောင်ကွန်ရက်မှ ကိုအောင်စိုးကို ရဲက ဖမ်းဆီးပြီး နောက်ပိုင်းတွင် ဆည်တည်းရွာဒေသခံများက တရုတ်နိုင်ငံသား တစ်ဦး အပါအဝင် အတူ စကားပြန်နှင့် ယာဉ်မောင်းကို ထိန်းသိမ်းလိုက်ရာက နှစ်ဖက်တင်းမာမှု ဖြစ်ပွားလာကြောင်းလည်း အဆိုပါသတင်းထောက်ကပြောသည်။ ကိုအောင်စိုးကို အာဏာပိုင်များက နံနက် ၁၀နာရီခန့်တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

“ဇီးတောရွာရဲ့ တောင်ဘက်မှာ စပစ်တာ။ ကျောက်ဖြူတိုင်ဘက် ရောက်တဲ့အခါ နှစ်ရွာကြားမှာဖြစ်တာ။ ဘာမှန်းတော့ မသိဘူး လက်ပစ်ဗုံးလို့ယူဆရတယ်” ဟု ဆည်တည်းရွာဟောင်းမှ ဆရာတော် ဥူးစန္ဒာသီရိ က မဇ္ဈိမကို မိန့်သည်။

တရုတ်နိုင်ငံသားကို ဖမ်းဆီး သွားခြင်းနှင့် ပတ်သက်၍ ည ကိုးနာရီ နောက်ဆုံးထားပြီး ပြန်အပ်ရန် သက်ဆိုင်ရာ ဒေသအာဏာပိုင်များက ဆည်တည်းဒေသခံများကို ပြောဆိုထားသည်။

"ဆည်တည်း ရွာကလူတွေကတော့ ပြောတယ်။ သူတို့ဘက်က ပါသွားတဲ့ ကိုအောင်စိုး နဲ့ အခု သူတို့ ထိမ်းထားတဲ့ တရုတ်ကို အလဲအလှယ်လုပ်ချင်တယ်တဲ့။ ဒါကို ရဲတွေဘက်က လက်မခံဘူးလို့ပြောသံကြားတာပဲ" ဟု အဆိုပါဒေသ ရောက်နေသည့်
နေ့စဉ်ထုတ် သတင်းစာ တစ်စောင်မှ မုံရွာမြို့ခံ သတင်းထောက်က တယ်လီဖုန်းမှတဆင့် ပြောသည်။

လက်ရှိ သတင်းရေးသားနေချိန် မေလ ၁၉ ရက် နံနက် ၂ နာရီကျော်တွင် ဆည်တည်း၊ ဇီးတောနှင့် ကျော်ဖြူတိုင်ကျေးရွာများ အနီးတွင် လုံခြုံရေးများချထားပြီး ဒေသခံများ ဘက်ကလည်း
ထိန်းသိမ်းခေါ်ဆောင်ထားသည့် တရုတ်အမျိုးသားကို ပြန်လည် အပ်နှံခြင်း
မရှိသေးပေ။ ဆည်တည်းရွာအနီးတွင် ဒေသအာဏာပိုင် ၁၈၀ခန့်က ရွာကို ဝိုင်းရံထားသည်။

ကိုတိုးကြီး
Mizzima - News in Burmese



လက်ပံတောင်းဒေသတွင် မျက်ရည်ယိုဗုံးဖြင့် ပစ်ခတ်မှုဖြစ်ဟု ဒေသခံများပြော လက်ပံတောင်းဒေသတွင် မျက်ရည်ယိုဗုံးဖြင့် ပစ်ခတ်မှုဖြစ်ဟု ဒေသခံများပြော Reviewed by သစ်ထူးလွင် on 09:02 Rating: 5
Powered by Blogger.