၂၀၁၃ခုနှစ်၊ မေလ(၁၆)ရက်နေ့ မြန်မာစံတော်ချိန် (၀၆း၀၀)နာရီ အချိန်ထုတ်ပြန်ချက်
ယနေ့ မြန်မာ စံတော်ချိန်(၀၅း၃၀)နာရီ အချိန် တိုင်းထွာချက်များ အရ ဘင်္ဂလား ပင်လယ်အော်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်း မုန်တိုင်းမဟာစင်(MAHASEN)သည် အရှေ့မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ မြန်မာနိုင်ငံ၊ မောင်တောမြို့၏ အနောက် တောင်ဘက်မိုင်(၁၆၀)ခန့်၊ စစ်တွေမြို့၏ အနောက်ဘက်မိုင်(၁၈၀)ခန့်၊ အိန္ဒိယနိုင်ငံ၊ ကိုလ်ကတ္တားမြို့၏ အရှေ့ တောင်ဘက်မိုင်(၁၆၀)ခန့်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်းမြို့၏ အနောက်တောင်ဘက် မိုင်(၁၈၀)ခန့်  အကွာပင်လယ်ပြင်ကိုဗဟိုပြုနေပါသည်။
အဆိုပါ ဆိုင်ကလုန်း မုန်တိုင်းသည် အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်းမြို့နှင့် မြန်မာနိုင်ငံ၊ မောင်တောမြို့အကြားမှ ကမ်းခြေကိုနောက် (၁၂)နာရီ အတွင်း ဖြတ်ကျော် ဝင်ရောက်မည်ဟု ခန့်မှန်းရပါသည်။
ဆိုင်ကလုန်း မုန်တိုင်း၏ လက်ရှိအခြေအနေမှာ အနီရောင်အရေးပေါ် အခြေအနေသို့ ရောက်ရှိပြီး၊ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် မြန်မာနိုင်ငံ နယ်စပ်သို့ ဦးတည် ရွေ့လျားလျက်ရှိသည့် အခြေအနေ ဖြစ်ပါသည်။
ဆိုင်ကလုန်း မုန်တိုင်းမဟာစင်(MAHASEN)သည် ကမ်းခြေသို့ ဖြတ်ကျော်စဉ် လေတိုက်နှုန်းမှာတစ်နာရီလျှင်မိုင်(၆၀)မှ မိုင်(၇၀)အထိ တိုက်ခတ်နိုင်ပြီး၊ မုန်တိုင်းကြောင့် မြင့်တက်နိုင်သော ရေလှိုင်းအမြင့်မှာ မောင်တောမြို့နယ် ကမ်းခြေတွင် (၈)ပေမှ (၁၀)ပေခန့်၊ စစ်တွေခရိုင် ကမ်းခြေတွင် (၆)ပေမှ (၈)ပေခန့်နှင့် ကျောက်ဖြူခရိုင် ကမ်းခြေတွင်(၄)ပေမှ(၆)ပေ ခန့် မြင့်တက်နိုင်ပါသည်။
ထို့အပြင်မုန်တိုင်းနှင့် အတူ မိုးသည်းထန်စွာ ရွာသွန်းနိုင်ပါသဖြင့် စစ်ကိုင်းတိုင်း ဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် မိုးရွာသွန်းမှုကြောင့် မြေပြိုခြင်း၊ တောင်ကျရေများကြောင့် လျှပ်တစ်ပြက်ရေကြီးခြင်း အန္တရာယ်များ ကို သတိပြုရှောင်ရှား သင့်ပါသည်။
အဆိုပါ ဆိုင်ကလုန်း မုန်တိုင်းအရှိန်ကြောင့် မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် မကြာခဏ မိုးသက်လေပြင်းများ ကျရောက်ပြီး၊ လှိုင်းကြီးမည်။ မိုးသက်လေပြင်း ကျစဉ် ရေပြင်/ မြေပြင်လေသည် တစ်နာရီလျှင်မိုင်(၆၀)မှ မိုင်(၇၀)အထိတိုက်ခတ်နိုင်သည့်အတွက် ပင်လယ်မှ ငါးဖမ်းထွက်သည့် ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများ၊ မုန်တိုင်းအန္တရာယ်ကို ကြိုတင် ရှောင်ရှားကြပါရန် အကြံပြုအပ်ပါသည်။
မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန

မိုးဇလမှ မေလ(၁၆)ရက်နေ့  မဟာစင် မုန်တိုင်း သတင်း ထုတ်ပြန်ချက်
Reviewed by သစ်ထူးလွင်
on
08:59
Rating: