သာသနာကို ခုခံကာကွယ် တာဟာ ဗုဒ္ဓဘာသာဝင် တိုင်းရဲ့ အဓိက တာဝန်တစ်ခု ဖြစ်ပါ တယ်။ မြတ်စွာဘုရားရဲ့ ဓမ္မက ကျွန်တော်တို့ အားလုံးကို အကျိုးပြုရုံ တင်မကပါဘူး။ ဗုဒ္ဓဝါဒကို ခုခံကာကွယ် ထိန်းသိမ်းစောင့်ရှောက်တဲ့ ရဟန်းရှင် လူပုဂ္ဂိုလ်တွေကလည်း ကျွန်တော်တို့ကို အကျိုးပြုတာပါပဲ။ ဘုန်းတော်ကြီးနဲ့ သီလရှင်တွေက ပိဋကသုံးပုံကို ထိန်းသိမ်းကြ၊ အနာဂတ်မျိုးဆက်တွေကို ဗုဒ္ဓဝါဒကို သင်ကြားပေးကြ၊ ကလေးလူငယ်တွေအနေနဲ့ ဗုဒ္ဓဝါဒရဲ့တန်ဖိုးတွေကို သိနားလည်လာအောင် တိုက်တွန်းဖို့ မိဘတွေကို အကူအညီပေးကြပါတယ်။ သာမန်လူတွေကလည်း ဘုရားနဲ့ သံဃာတော်တွေကို အလှူဒါနပြုကြ၊ သီလစောင့်ကြ၊ အဘိဓမ္မာ လေ့လာကြ၊ ဝိပဿနာ ပွားများကြတယ်။
အခုတော့ မြန်မာနိုင်ငံမှာ ဗုဒ္ဓသာသနာဟာ ခြိမ်းခြောက်ခံနေရ တယ်လို့ ကျွန်တော်မြင်ပါတယ်။ အရင်တုန်းကလည်း ဗုဒ္ဓသာသနာဟာ ဒီလို ခြိမ်းခြောက်ခံရတဲ့ အခြေအနေမျိုး ကြုံခဲ့ရဖူးပါတယ်။ ဒါပေမဲ့ အခုကြုံနေရတဲ့ ခြိမ်းခြောက်မှုအခြေအနေဟာ အစွန်းရောက်အစ္စလာမ်ဝါဒ ဒါမှမဟုတ် မွတ်ဆလင်နယ်ချဲ့ခြင်း ဆိုတာကနေ လာတာမဟုတ်ပါဘူး။ ကျွန်တော်တို့ သာသနာအတွင်းက လာတာပါ။
မြတ်စွာဘုရားရဲ့ မွန်မြတ်တဲ့ အလေ့အကျင့်တစ်ခုဖြစ်တဲ့ သည်းခံခြင်း တရားကို ကျွန်တော်တို့ မလေ့ကျင့်နိုင် ဒါမှမဟုတ် မလေ့ကျင့်ချင်တဲ့ အခါတွေမှာ ဆိုရင် ကျွန်တော်တို့ကိုယ်တိုင်က သာသနာကို ခြိမ်းခြောက်ကြတယ်။ အခုဖြစ်နေတဲ့ နိုင်ငံရေးအကူးအပြောင်း ကာလအတွင်းမှာ နိုင်ငံသားတွေရဲ့ ဘဝဟာ မရေမရာရှိနေပါတယ်။ လူမှုရေးအခြေအနေလည်း မရေရာပါဘူး။ စီးပွားရေး အခြေအနေကလည်း မရေရာပါဘူး။ ဒီလိုအခြေအနေမျိုးမှာ လူတွေက ကိုယ့်အကျိုးစီးပွား အတွက်ပဲကြည့်တာ၊ တခြားလူတွေကို အပြစ်ဖို့ တရားခံရှာဖို့ ကြိုးစားတာမျိုးဟာ သဘာဝပါပဲ။
ဒါပေမဲ့ ဗုဒ္ဓက အဲဒီလို ဟောပြောသင်ကြားခဲ့တာ မဟုတ်ပါဘူး။ မြန်မာနိုင်ငံမှာ အစွန်းရောက် အစ္စလာမ်ဝါဒနဲ့ မွတ်ဆလင်နယ်ချဲ့ခြင်း ဆိုတာတွေက ဗုဒ္ဓသာသနာကို ခြိမ်းခြောက်နေတာ မဟုတ်ပါဘူး။ မြန်မာနိုင်ငံရဲ့ ပြောင်းလဲနေတဲ့ နိုင်ငံရေး၊ စီးပွားရေး အခြေအနေသစ်ထဲမှာ ကိုယ်ရဲ့လက်ရှိ အနေအထား ပျောက်မသွားချင်သူတွေ ဒါမှမဟုတ် ကိုယ့်အနာဂတ်အတွက် စိတ်ချလက်ချ ရှိချင်သူတွေက လူထုကြားမှာ ကောလာဟလနဲ့ မဟုတ်မမှန် မုသားတွေကို ဖြန့်နေကြတာပါ။
သာသနာကို ခုခံကာကွယ်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ဗုဒ္ဓဝါဒရဲ့ မွန်မြတ်တဲ့ တန်ဖိုးတွေကို ချိုးဖောက်တာဟာ ကျွန်တော်တို့ကိုယ်တိုင်က သာသနာကို ဖျက်ဆီးတာပါပဲ။ လုပ်ဟန်ထက် ရလဒ်က ပိုအရေးကြီးတယ်လို့ လက်ခံလိုက်တဲ့အခါမှာ ဗုဒ္ဓရဲ့အဆုံးအမဖြစ်တဲ့ မေတ္တာ၊ ကရုဏာ၊ မုဒိတာ တရားတွေနဲ့အညီ နေထိုင်ရမယ်ဆိုတာကို ကျွန်တော်တို့ ချိုးဖောက်လိုက်ကြ ပါတယ်။ သာသနာကို ခုခံကာကွယ်ဖို့ အကောင်းဆုံး နည်းဟာ ကိုယ်တိုင်က မြတ်စွာဘုရားရဲ့ အဆုံးအမနဲ့အညီ နေထိုင်ပြီး တခြားလူတွေကိုလည်း အဲဒီလိုနေထိုင်ဖို့ အားပေးတိုက်တွန်းတာ ဖြစ်ပါတယ်။
မြတ်စွာဘုရားက မေတ္တာနဲ့ နေထိုင်သင့်တယ်လို့ တိုက်တွန်းပေမယ့် လက်တွေ့ဘဝမှာ မေတ္တာနဲ့ နေထိုင်တယ်ဆိုတာက ဘာအဓိပ္ပာယ်ပါလဲ။ မိဘ၊ ခင်ပွန်း၊ ဇနီးနဲ့ သားသမီးတွေကို ချစ်ဖို့ အရေးကြီးတာပေါ့။ ကိုယ့်ကိုချစ်တဲ့လူ တွေကို ပြန်ချစ်တာက မေတ္တာရဲ့ တကယ့်အခြေခံ အလေ့အကျင့်ဖြစ်ပေမယ့် အဲဒီလောက်နဲ့တော့ မလုံလောက်ပါဘူး။ ကိုယ်နဲ့မတူတဲ့ လူတွေ၊ သူတို့ရဲ့ အယူအဆကြောင့် ကိုယ့်မှာ အကြောက်တရား ဖြစ်စေသူတွေ၊ ကိုယ့်ကိုမုန်းတဲ့ လူတွေကို မေတ္တာထားနိုင်တာမျိုး ကသာ တကယ့်မွန်မြတ်တဲ့ မေတ္တာရဲ့ အလေ့အကျင့်ဖြစ်ပါတယ်။
တစ်ခါတလေကျတော့ ကိုယ်လေးစားသူတွေ၊ ကိုယ့်အပေါ် သြဇာကြီး သူတွေ၊ ဒီ့ထက်ပိုမယ်ဆိုရင် ကိုယ်ကိုးကွယ်တဲ့ သံဃာတော်တွေလို ပုဂ္ဂိုလ် တွေတောင်မှ တခြားလူမျိုးကွဲတွေနဲ့ တခြားဘာသာတရား တွေကို အသေအချာ နားမလည်တဲ့အခါမျိုးမှာ ပဲဖြစ်ဖြစ်၊ နားလည်မှုလွဲတဲ့ အခါမျိုးမှာပဲဖြစ် ဖြစ် သူတို့ ကိုယ်တိုင်မှာတောင် စိုးရိမ်စိတ် ပေါ်လာတတ်ပါတယ်။ အဲဒီလို အခါမျိုးမှာ ခွဲခြားမှုမရှိဘဲ မေတ္တာထားရမယ် ဆိုတဲ့ ဗုဒ္ဓရဲ့သင်ကြားမှုကို မလိုက်နာနိုင်ကြတော့ ပါဘဲ အမုန်းတရားပွားစေတဲ့ တစ်ဦးပေါ်တစ်ဦး နှိပ်စက်ညှဉ်းပန်းမှုဆီ ဦးတည်စေတဲ့ အခြေအနေမျိုးတွေကို ဖန်တီးမိတတ်ကြ ပါတယ်။ အဲဒီလိုအခါမျိုးမှာ လုပ်သင့်တာက သူတို့ကို မေတ္တာအခြေခံနဲ့ လေးလေးစားစား ပြန်လှန်မေးခွန်း ထုတ်ပြီးတော့ စောဒကတက်တာ ဖြစ်ပါတယ်။ အဲဒီလိုလုပ်တာဟာ လည်းပဲ ကိုယ်တိုင်က မေတ္တာရဲ့အလေ့အကျင့် အတိုင်း ပြုမူရာ ရောက်ပါတယ်။
မေတ္တာ၊ ကရုဏာ၊ သည်းခံခြင်းတရား တွေနဲ့ နေထိုင်ဖို့ဆိုတာ တကယ်ကတော့ မလွယ်လှပါဘူး။ လူကိုလူလို မြင်တတ်ဖို့ရာမှာ အရေးကြီး တာက နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေတဲ့ အခြေအမြစ်မရှိတဲ့ အစွဲအလမ်း တွေကို ကျော်လွှားဖို့ဖြစ်ပါတယ်။ အမုန်းတရားပွားအောင် လုပ်တာကို လက်မခံဘဲ ပယ်ချဖို့ရာမှာ မိတ်ဆွေသူငယ်ချင်းတွေ၊ မိသားစုဆွေမျိုး သားချင်းတွေ၊ ဆရာ ဆရာမတွေနဲ့သာမက သံဃာတော်တွေနဲ့တောင်မှ စိတ်မသက်မသာ ဖြစ်မယ်ဆို ဖြစ်စေနိုင်တဲ့ ပြောဆိုဆွေးနွေးတာမျိုး လုပ်ကို လုပ်ရပါမယ်။ ဒါပေမဲ့ သေချာတာတစ်ခု ကတော့ ရှိပါတယ်။ တခြားလူတွေကို ခွဲခြားဆက်ဆံဖို့၊ အကြမ်းဖက်ဖို့ တိုက်တွန်းတယ် ဆိုရင်တော့ အဲဒါဟာ ဗုဒ္ဓတရားမဟုတ်ပါဘူး။ အမုန်းတရားဖြစ်ပါတယ်။ အမုန်းတရားဟာ ဗုဒ္ဓတရား လုံးဝမဟုတ်ပါဘူး။
ဆိုခဲ့ပါ သာသနာအပေါ် ခြိမ်းခြောက်မှုဆိုတာရဲ့ သဘောသဘာဝကို မြန်မာနိုင်ငံမှာရှိတဲ့ ဗုဒ္ဓဘာသာဝင်တွေ ပြန်လှန်ဆန်းစစ်ပြီး ဘယ်လို အခြေအနေ နေရာမျိုးမှာပဲဖြစ်ဖြစ် ဗုဒ္ဓသင်ကြားတဲ့ မေတ္တာတရားအတိုင်း ရပ်တည်ပြောဆိုပေးဖို့ ကျွန်တော် မေတ္တာရပ်ခံပန်ကြားပါတယ်။ တကယ် ကတော့ အမုန်းတရားပွားအောင် လုပ်နေတာ လူနည်းစုပါ။ ဒါပေမဲ့ သူတို့က အသံကျယ်ပါတယ်။ အဲဒါကြောင့် အထူးသဖြင့် ဗုဒ္ဓရဲ့တရားဓမ္မကို သင်ကြား ပို့ချပေးနေတဲ့ သံဃာတော်တွေအနေနဲ့ လူမှုအဖွဲ့အစည်းပေါ်ရှိတဲ့ အရှင်ဘုရား တို့ရဲ့ သြဇာကို အသုံးပြုပြီး အဲဒီလူနည်းစုကို ရင်ဆိုင်ဖို့ လိုအပ်တယ်ဆိုတာ တပည့်တော် လျှောက်ထားလိုပါတယ်။
အကြမ်းဖက်မှုနဲ့ ခွဲခြားဆက်ဆံတာတွေ ဆက်ဖြစ်နေမယ်ဆိုရင် မခိုင်မာလှသေးတဲ့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုကို ထိခိုက်လာနိုင်ပါတယ်။ အခုကိုပဲ လူထုထဲမှာ တစ်ဦးပေါ်တစ်ဦး ယုံကြည်မှု ပျက်ပြားနေပါပြီ။ ဒါ့ထက် ပိုအရေးကြီးတာက ဗုဒ္ဓသာသနာဝင်တွေ အနေနဲ့ ဗုဒ္ဓဝါဒရဲ့ အမွန်မြတ်ဆုံး အလေ့အကျင့် တစ်ခုဖြစ်တဲ့ မေတ္တာတရားကို အခိုင်အမာ ရဲရဲဝံ့ဝံ့ မလေ့ကျင့်နိုင်ရင်တော့ ဗုဒ္ဓသာသနာ ရေရှည်တည်တံ့ ခိုင်မြဲဖို့ရာ ခက်ခဲမှာ အသေအချာပဲ ဖြစ်ပါတယ်။
(ဒီဆောင်းပါးကို ပြင်ဆင်တည်းဖြတ်တာမှာ အကူအညီပေးခဲ့တဲ့ ကျွန်တော့်မိတ်ဆွေ ကိုကျော်ကျော်သိန်း [ဗွီအိုအေ] ကို ကျေးဇူးတင်ရှိကြောင်း ဖော်ပြအပ်ပါတယ်။ ဒီဆောင်းပါးမှာပါတဲ့ အမြင်နဲ့ အယူအဆ အားလုံးဟာ ဆောင်းပါးရှင်ရဲ့ ကိုယ်ပိုင်အမြင်နဲ့ အယူအဆများသာ ဖြစ်ပါတယ်။)
သာနိုး (ဟမက်သ်ယူဝါလ်တွန်)
ဆောင်းပါးရှင် သာနိုးသည် ဂျော့ဂ်ျဝါရှင်တန် တက္ကသိုလ်က နိုင်ငံရေးသိပ္ပံ ပါမောက္ခဖြစ်ပြီး ၂၀၀၇ ခုနှစ်မှ ၂၀၀၈ ခုနှစ်အထိနှင့် ၂၀၁၀ ပြည့်နှစ် များတွင် ရန်ကုန်မြို့၌ နေထိုင်ခဲ့ဖူးပြီး ဝိပဿနာတရားစခန်း များတွင် ဝိပဿနာ ပွားများခဲ့ဖူးသူ ဗုဒ္ဓဘာသာဝင်တစ်ဦး ဖြစ်သည်။
(အယ်ဒီတာ)
The Voice Weekly

မေတ္တာနဲ့ သာသနာကို ခုခံကာကွယ်ခြင်း
Reviewed by သစ်ထူးလွင်
on
03:39
Rating: