ဝန်ထမ်းများ၏ သတ်မှတ်ရုံးချိန် Vs အချိန်ပို တာဝန်ထမ်းဆောင်မှု
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်အား ဘက်စုံ ဖွံ့ဖြိုး တိုးတက်ရန် အတွက် ပြုပြင် ပြောင်းလဲမှုများ ဆောင်ရွက်ရာတွင် နိုင်ငံသား အားလုံး၏ ကာယ၊ ဥာဏ၊ စာရိတ္တ ပိုင်းဆိုင်ရာ စွမ်းဆောင်ရည် စသည့် အခန်းကဏ္ဍ၏ ပါဝင်မှုသည် အလွန်အရေး ကြီးသည်။
သမ္မတကြီး၏ လမ်းညွှန်မှု၊ ပြည်ထောင်စုအစိုးရအဖွဲ့ဝင် ၀န်ကြီးများ၏ ကြီးကြပ်ကွပ်ကဲမှု ဌာနဆိုင်ရာဝန်ထမ်းများ၏ အကောင်အထည်ဖော်ဆောင်ရွက်မှု၊ ပြည်သူလူထုတစ်ရပ်လုံး၏ တက်ကြွစွာ ပါဝင်ဆောင်ရွက်မှုစသည့် စည်းလုံးစွာ ဆောင်ရွက်မှသာလျှင် ခေတ်မီဖွံ့ဖြိုးတိုးတက် သောဒီမိုကရေစီနိုင်ငံတော်ကြီး ပေါ်ထွန်းလာမည်ဖြစ်ပါသည်။
ဒီမိုကရေစီဟူသည် နိုင်ငံသားတစ်ဦးချင်းစီ၏ အခြေခံစိတ်ဓာတ်အပေါ်မူတည်သည်။ သတ်မှတ်ထားသော ဥပဒေ၊ နည်းဥပဒေများကို မည်သူမဆို တိတိကျကျလိုက်နာဆောင်ရွက်ရန် လိုသည်။ မလိုက်နာပါက ပျက်ကွက်မှု(သို့မဟုတ်) ကျူးလွန်မှုဖြစ်သည်။
ဝန်ထမ်းများအတွက်ဖို့ ဥပဒေ၊နည်းဥပဒေများအပြင် စည်မျဉ်းစည်းကမ်း၊ အမိန့်နှင့် ညွှန်ကြားချက်များကိုပါ လိုက်နာဆောင်ရွက်ဖို့လိုသည်။ ဥပဒေကို ဖောက်ဖျက်လျှင် ကျင့်ထုံးဆိုင်ရာ ပုဒ်မဖြင့် ပြစ်ဒဏ်ချမှတ်ခံရမည်။ စည်းမျဉ်းစည်းကမ်းကို ဖောက်ဖျက်လျှင် ၀န်ထမ်းဆိုင်ရာစည်းမျဉ်းစည်းကမ်းနှင့်အညီ အရေးယူခြင်းခံရမည်။ စည်းမျဉ်းစည်းကမ်းများ ချမှတ်ထားပြီး လိုက်နာအကောင်အထည်ဖော်ရမှာ ၀န်ထမ်းများအားလုံးဖြစ်သည်။
နိုင်ငံတော်သမ္မတကြီး၏ ကောင်းမွန်သော အုပ်ချုပ်ရေးနှင့်သန့်ရှင်းသောအစိုးရ ဖြစ်စေရန် ၀န်ထမ်းများ၏ ခံယူချက်များ ပြောင်းလဲရန် လိုအပ်သကဲ့သို့ ၀န်ထမ်းများ၏ သက်သာချောင်ချိ ရေးကို လည်းဆောင်ရွက်ပေးရန်နှင့် ၀န်ထမ်းများတာဝန်ပေးအပ်ရာတွင် သတ်မှတ်ရုံးချိန် နံနက် (၀၉း၃၀)မှ ညနေ(၁၆း၃၀)အတွင်းသာ တာဝန်ပေးရန် လမ်းညွှန်ထားကြေား သိရှိရပါသည်။
အထူးတင်ပြလိုသည်မှာ နေပြည်တော်ရှိ အမှုထမ်းအဆင့်ရှိ ၀န်ထမ်းများဘ၀ကို ပြောပြ ချင်ပါသည်။ အရာထမ်းအဆင့် ၀န်ထမ်းများအတွက် ဌာနမှ သတ်မှတ်ပေးသော ခွဲတမ်းဆီနှင့် မော်တော်ယာဉ်ရရှိပါသည်။ အမှုထမ်းများအတွက် မပေးသည်ကို ပြောခြင်းမဟုတ်ပါ။ သူ့အဆင့် နဲ့သူ ပေးခြင်းမှာကောင်းမွန်သော စနစ်ဖြစ်ပါသည်။ ၀န်ထမ်းများ ရုံးတက်ရုံးဆင်းရန်အတွက် ၀န်ထမ်းကြိုပို့ကားစီစဉ်ပေးထားပါသည်။ ၄င်းယာဉ်မှာ ကြို/ပို့ချိန်မှန်သည်။
သို့သော် အချို့ဝန်ထမ်းတော်တော်များများမှာ အထက်၏တာဝန်ပေးစေခိုင်းချက်အရ ပုံမှန်ရုံးတက်ချိန် ထက်စောပြီး ရုံးတက်ရခြင်း၊ သတ်မှတ် ရုံးဆင်းချိန်ထက် နောက်ကျပြီးမှသာ ရုံးဆင်းရပါသည်။ ၄င်းမှာ နိုင်ငံတော်၏ တာဝန်ကို ထမ်းဆောင်ရသည့်အတွက် ကျေနပ်ရပါသည်။ သို့သော် ရုံးသို့ လာရသည့်အခါတွင် ပြင်ပမှဆိုင်ကယ်(သို့မဟုတ်) မိမိပိုင်ဆိုင်ကယ်အပြင် လမ်းဘေးဆိုင်မှ ဆီတစ်ဘူး (၁၂၀၀)ပေးဝယ်ပြီး လာရပါသည်။
တစ်ရက်တစ်လေ တစ်ပတ်တစ်လေဆိုသည်မှာ ကိစ္စမရှိပါ။ နေ့တဓူဝလိုလိုဖြစ်နေပါသည်။ ရုံးဆင်းအိမ်ပြန်ရောက်သော်လည်း ၄င်းအချိန်မှာ အများပြည်သူ အနားယူအိပ်စက်ချိန်ဖြစ်နေပါသည်။ အိမ်ရောက် ထမင်းစားပြီး အိပ်ယာဝင်သည်း မနက်စောစောထပြီး နံနက်စာစား ရုံးသို့သွားရပြန်ပါသည်။ ၄င်းဝန်ထမ်းများအတွက် အနားယူ အပန်းဖြေစရာအချိန်မရှိဟု ထင်ပါသည်။ ပိတ်ရက်များတွင်လည်း Extra Duty ဖြင့် ရုံးတက်ရ ပြန်ပါသည်။ ရုံးတွင် အလှည့်ကျတာဝန်ကျသမားရှိရမည်ဖြစ်ပါသည်။
တာဝန်ကျသမားအပြင် ကျန်ဝန်ထမ်းများကိုပါ ထိုကဲ့သို့တာဝန်ပေးစေခိုင်းခြင်းမှာ မသင့်တော်ပါ ဟု ထင်ပါသည်။ အမှုထမ်းအဆင့်ရှိ ၀န်ထမ်းများ၏ လစာမှာ ၅၀၀၀၀ ကျော်သာရရှိပြီး နိုင်ငံတော်၏ သမ္မတကြီး၏ စေတနာဖြင့် ထောက်ပံ့ကြေး ၃၀၀၀၀ စုစုပေါင်း ၈၀၀၀၀ ကျော်ရရှိပါသည်။
လစာ ၅၀၀၀၀ကျော်မှာ အထက်တွင် ဖော်ပြခဲ့သည့် ဆိုင်ကယ်ဆီဖိုး၊ ဆိုင်ကယ်ပြင်ခ၊ ဆိုင်ကယ်ငှားရမ်းခများနုတ်လိုက်လျှင် ၃၀၀၀၀ ခန့်သာကျန်မည်ဖြစ်ပါသည်။ မိသားစုရှိသော ၀န်ထမ်းများ ဘ၀ဆိုလျှင် သနားစရာဖြစ်ပါသည်။ မိသားစုနှင့်အနားယူအပန်းဖြေချိန်မရှိ။ လစာ မလောက်ငှတဲ့ပြသနာများ အမြဲကြုံတွေ့နေမည်ဖြစ်ပါသည်။ လစာတိုးပေးရန် တင်ပြနေခြင်း မဟုတ်ပါ။ ၀န်ထမ်းများ၏ သက်သာချောင်ချိမှုဆိုသည်မှာလည်း ကာယပိုင်းအတွက် ငွေရေး ကြေးရေးအပြင် စိတ်ပိုင်းဆိုင်ရာသက်သာချောက်ချိမှုရှိမှ ဥာဏပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်မည် ဖြစ်ပြီး ကာယာပိုင်းဆိုင်ရာကျန်းမာမည်ဖြစ်ပါသည်။ သို့မှသာ ၀န်ထမ်းများ၏ အလုပ်ခွင် ပျော်ရွှင်မှုရှိပြီး လုပ်ချင်ကိုင်ချင်စိတ်ရှိလာမည်ဖြစ်ပါသည်။ နိုင်ငံတော်၏ လုပ်ငန်းတာဝန်များကို အကောင်အထည်ဖော်ရာတွင် ပြည်သူလူထုတစ်ရပ်လုံးနှင့် အောက်ခြေ၀န်! ထမ်းများ၏ အခန်း ကဏ္ဍမှာ အလွန်အရေးကြီးလှပါသည်။ အမှုထမ်းအဆင့်ရှိ ၀န်ထမ်းများကိုလည်း အဆင့်နှင့် လျှော်ညီသောတာဝန်ပေးရမည်ဖြစ်ပြီး တာဝန် ပျက်ကွက်ပါက အရေးယူခြင်းကို ဆောင်ရွက် ရမည်ဖြစ်ပါသည်။
သို့ပါသောကြောင့် နိုင်ငံတော်သမ္မတကြီး၏ ကောင်းမွန်သော အုပ်ချုပ်ရေးနှင့် သန့်ရှင်းသောအစိုးရ ဖြစ်စေရန် ၀န်ထမ်းများ၏ ခံယူချက်များ ပြောင်းလဲရန် လိုအပ်သကဲ့သို့ ၀န်ထမ်းများ၏ သက်သာချောင်ချိရေးကို လည်းဆောင်ရွက်ပေးရန်နှင့် ၀န်ထမ်းများတာဝန် ပေးအပ်ရာတွင် သတ်မှတ်ရုံးချိန် နံနက် (၀၉း၃၀)မှ ညနေ(၁၆း၃၀)အတွင်းသာ တာဝန်ပေးရန် ဟူသည့် လမ်းညွှန်ချက်ကို တိကျစွာလိုက်နာဆောင်ရွက်ရေး ကြပ်မတ်ဆောင်ရွက်ပေးနိုင်ပါရန် ၀န်ထမ်းတစ်ယောက်၏ ခံစားချက်ကို တင်ပြလိုက်ရပါသည်။
ဝန်ထမ်းတစ်ဦး
ဝန်ထမ်းများ၏ သတ်မှတ်ရုံးချိန် Vs အချိန်ပို တာဝန်ထမ်းဆောင်မှု ၀န်ထမ်းများ၏ သတ်မှတ်ရုံးချိန် Vs အချိန်ပို တာဝန်ထမ်းဆောင်မှု Reviewed by သစ်ထူးလွင် on 17:02 Rating: 5
Powered by Blogger.