ဇန်နဝါရီလ ၁၀ ရက်နေ့(ကချင်ပြည်နယ်နေ့)တွင် မြစ်ကြီးနားမြို့နှင့် မိုင်
၉၀ အကွာ ကန်ဘက်ကြီးလမ်းမှာရှိတဲ့ စိန်ကြိုင် ဒုက္ခသည်စခန်းမှ
စစ်ဘေးသင့်ပြည်သူတွေကို အဝတ်အထည်နဲ့ ဆေးဝါးအပါအဝင် စုစုပေါင်း
ငွေကျပ်သိန်းလေးဆယ်ခန့်ကို မြစ်ကြီးနားမြို့နယ်နှင့် မိုးညှင်းမြို့နယ်မှ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်တွေ စုပေါင်း၍
သွားရောက်လှူဒါန်းခဲ့ကြပါတယ် ။
၂၀၁၁ ဒီဇင်ဘာလအတွင်းက ဒေါ်အောင်ဆန်းစုကြည်က ကချင်ပြည်နယ်မှ စစ်ဘေးဒုက္ခသည်တွေ အတွက် သိန်းသုံးရာ လှူဒါန်းခဲ့တာကို ၂၀၁၁ ဒီဇင်ဘာလအတွင်းက ဒေါ်အောင်ဆန်းစုကြည်ကိုယ်စား သွားရောက်လှူဒါန်းတုန်းက စိန်ကြိုင် ဒုက္ခသည်စခန်း ကျန်ရစ်ခဲ့သောကြောင့် မြစ်ကြီးနားမြို့နယ်နှင့် မိုးညှင်းမြို့နယ်မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်တွေ စုပေါင်းပြီး ရန်ပုံငွေရှာ လာရောက်လှူဒါန်းခဲ့တာ ဖြစ်ပါတယ် ။ စိန်ကြိုင် ဒုက္ခသည်စခန်းမှာရှိတဲ့ စစ်ဘေးသင့်ပြည်သူ ၁၃၁၉ ဦးဟာ အမိုးအကာ မရှိပဲ သစ်ခက်တွေနဲ့ တဲထိုးပြီး နေထိုင်ကြရပြီး ကျန်းမာရေး ၊ စားဝတ်နေရေး အခက်အခဲတွေ ကြုံတွေ့နေရပါတယ် ။ အဆိုပါ ရပ်ကွက်မှ စစ်ဘေးသင့်ပြည်သူတွေကို လာရောက်လှူဒါန်းသူ မရှိပဲ သူတို့အဖွဲ့လာလှူတာဟာ ပထမဦးဆုံး ဖြစ်တယ်လို့ သွားရောက် လှူဒါန်းခဲ့သူတဦးက ပြောပါတယ် ။
“အပြစ်မဲ့တဲ့ ပြည်သူတွေ ဓားစာခံဖြစ်နေရတဲ့ ဒုက္ခက ဘယ်လိုမှ စိတ်ချမ်းမြေ့စရာ မရှိဘူး ။ ဒုက္ခသည်စခန်းမှာ ဒုက္ခသည်တွေဟာ ကျန်းမာရေး ၊ စားဝတ်နေရေး ကအစ အခြေအနေ တော်တော်စိုးရိမ်ရတဲ့ အနေအထားကို ရောက်နေပါတယ် ။” လို့ မြစ်ကြီးနားမြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင် ကိုကျော်သီဟက ဘားမားဗီဂျေကို ပြောပါတယ် ။ယမန်နေ့ ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ကချင်ပြည်နယ် ဝိုင်းမော်ဒေသမှာ ရှိတဲ့ ဒုက္ခသည်စခန်း (၃)ခုမှာရှိတဲ့ စစ်ဘေးသင့်ပြည်သူ ၄၀၇ ဦး ထံသို့ သွားရောက်လှူဒါန်းခဲ့ကြပါတယ် ။
အခုလက်ရှိ မြစ်ကြီးနားမြို့နှင့် အနီးတဝိုက်မှာတော့ တိုက်ပွဲတွေ ငြိမ်သက်နေပေမယ့် ဖားကန့်မြို့နယ်တဝိုက်မှာ တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ် ။ အဆိုပါ ဖားကန့်ဒေသမှာ တိုက်ပွဲပြင်းထန်တာကြောင့် ဒေသခံပြည်သူတွေဟာ နီးစပ်ရာအရပ်တွေကို ထွက်ပြေးတိမ်းရှောင်နေကြပါတယ် ။ ရွှေဘို - မြစ်ကြီးနား ဗျူဟာလမ်းမကြီးတလျှောက်မှာ ဖားကန့်မြို့နယ်ဘက်မှ နေ့စဉ် ဆိုင်ကယ် အစီးရေ ရာနဲ့ချီ၍ ထွက်ပြေးတိမ်းရှောင်လာနေတာကို တွေ့ရှိရတယ်လို့ အင်းတော်ဒေသမှ ဒေသခံတဦးက ပြောပါတယ် ။ အဆိုပါ ဆိုင်ကယ်တွေကို ဗျူဟာလမ်းမကြီးတလျှောက်ရှိ စစ်ဆေးရေးဂိတ်တွေမှ တားဆီး စစ်ဆေးပြီး ပိုက်ဆံကောက်ယူတာမျိုး ရှိတယ်လို့ ပြောပါတယ် ။ ဆိုင်ကယ်နဲ့ ထွက်ခွာတဲ့ စစ်ဘေးသင့်ပြည်သူတွေဟာ တည်းခိုစရာနေရာ မရှိပဲ ညအခါမှာ လမ်းမတွေဘေးမှာပဲ အိပ်စက် တည်းခိုနေကြရတယ်လို့ သိရပါတယ် ။
By ဇာဏီ (Burma VJ Media Network)

ကချင်စစ်ဘေးသင့်ပြည်သူတွေကို မြစ်ကြီးနားနှင့်မိုးညှင်းမှ NLD အဖွဲ့ဝင်တွေ သွားရောက်လှူဒါန်း
Reviewed by သစ်ထူးလွင်
on
18:37
Rating:
No comments:
Post a Comment