ပိုးသတ်ဆေးမစင်သည့် ကန်စွန်းရွက်ကို ကြော်စားမိ၍ လူတစ်ဦး တိမ်းပါး၊ ၁၁ ဦးဆေးရုံရောက်

ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူမြို့နယ်၊ အကျော်တိုက်နယ်ရှိ ကျုံသမြင်ကျေးရွာ၌ ဒီဇင်ဘာလ ၆ ရက်နေ့က လယ်ကွက်များထဲတွင် အလေ့ကျပေါက်နေသော ကန်စွန်းပင်များအား ခူးယူကြော်ချက်စားမိသဖြင့် အစာအဆိပ်သင့်မှုဖြစ်ပွားခဲ့ပြီး အမျိုးသားတစ်ဦးသေဆုံး၍ ၁၁ ဦးမှာ ၂၅ ခုတင်ဆံ့ ဓနုဖြူဆေးရုံ၌ ဆေးဝါးကုသမှုခံယူနေရကြောင်း လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ သိရသည်။

"ဒီအချိန်က ကျွန်တော်တို့ဒေသမှာ စပါးခင်းတွေထဲကို ငမြောင်တောင်ပိုးကျတဲ့ အချိန်ဆိုတော့ ပိုးမထိအောင် ပိုးသတ်ဆေးတွေ ဖျန်းထားတယ်။ ဖြစ်ချင်တော့ လယ်ကွက်အလွတ်တွေထဲမှာ ပေါက်နေတဲ့ ကန်စွန်းခင်းတွေကိုပါ ဆေးထိသွားတယ်ထင်တယ်။ ဒါကို မသိတဲ့လူတွေက အဲဒီကန်စွန်းရွက်တွေကို ခူးပြီး ရေစင်အောင်မဆေးဘဲ ကြော်စားရာကနေ အစာအဆိပ်သင့်ပြီး ဝမ်းပျက်ဝမ်းလျှောတွေဖြစ်ကုန်တာလို့ ထင်တယ်။ ဒီကန်စွန်းရွက်ကို စားမိတာက မိသားစု ၈ စုရှိသည်၊ အဲဒီထဲကမှ ၁၂ ယောက်ကို ဒီဇင်ဘာ ၇ ရက်နေ့မှာ ဓနုဖြူ ၂၅ ခုတင်ဆံ့ဆေးရုံကို ပို့လိုက်ရတယ်" ဟု အဆိုပါ ရွာတွင်နေထိုင်သူတစ်ဦးက ပြောသည်။

ထိုသို့ အစာအဆိပ်သင့်၍ ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားကာ ဆေးရုံတက်ရောက်ကုသမှုခံနေရသူ ၁၂ ဦး အနက် အသက် ၄၉ နှစ် အရွယ်ရှိ ဦးစိုးမြဆိုသူမှာ ဒီဇင်ဘာ ၇ ရက်နေ့လယ်ပိုင်း၌ သေဆုံးသွားခဲ့ပြီး ကျန် ၁၁ ဦးမှာ ဆက်လက်၍ ဆေးဝါးကုသမှုခံယူနေဆဲဖြစ်သည်ဟု သိရသည်။

"ကျွန်တော်တို့ အနေနဲ့ ဒီကိစ္စကိုကြားကြားချင်း မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ကျန်းမာရေးမှူး၊ တိုက်နယ်ကျန်းမားရေးမှူးတွေနဲ့ ကျုံသမြင်ရွာကို သွားပြီး စစ်ဆေးတယ်။ ရောဂါဖြစ်ရတဲ့ အကြောင်းအရင်းကို မေးမြန်းကြည့်တော့ အားလုံးက လယ်ထဲက ကန်စွန်းရွက်ကို ခူးပြီး ကြော်စားရာကနေ အခုလိုဖြစ်တယ်ဆိုတာကို သိရတယ်။ မြို့နယ်ကျန်းမာရေးဌာနကလည်း အဲဒီကန်စွန်းရွက်တွေကို ဓာတ်ခွဲစစ်ဆေးကြည့်တဲ့ အခါ ပိုးသတ်ဆေးတွေက ကန်စွန်းပင်တွေမှာ ကပ်နေတာတွေ့ရတယ်။ ဒါပေမဲ့ ဦးစိုးမြကတော့ ကန်စွန်းရွက်ကြော်စားမိတာအပြင် နဂိုက သူ့မှာ ကျောက်ကပ်၊ ဆီးချို၊ သွေးတိုးရောဂါ အခံကလည်းရှိနေတဲ့ အတွက် သေဆုံးသွားတာပါ။ ဒီကိစ္စဖြစ်သွားရတဲ့ အဓိက အကြောင်းအရင်းကတော့ ဟင်းသီးဟင်းရွက်တွေကို ရေစင်အောင်မဆေးဘဲ စားမိလို့ဖြစ်ရတာပဲ" ဟု ဓနုဖြူမြို့နယ် မီးသတ်စခန်းမှ ဒုဦးစီးမှူး ဦးရဲနိုင်ဦးက ပြောသည်။

ဓနုဖြူမြို့နယ်ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းတစ်ဦးက ယခုဖြစ်ရပ်ကြောင့် ဆေးရုံတက်ရောက်နေသူ ၁၁ ဦးမှာ အချိန်မီဆေးဝါး ကုသမှုခံယူနိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ အသက် အန္တရာယ်စိုးရိမ်စရာ အခြေအနေတွင်မရှိတော့ဘဲ မကြာမီဆေးရုံမှ ပြန်ဆင်းရတော့မည်ဖြစ်ကြောင်း၊ ထိုသို့ ရုတ်တရက်အစာအဆိပ်သင့်၍ ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားရခြင်းမှာ ပိုးသတ်ဆေးဓာတ်ကြွင်းများ ပါဝင်နေသော ကန်စွန်းရွက်ကိုစားမိ၍ဖြစ်ကြောင်း ရှင်းပြသည်ကို ပေါ်ပြုလာ - vol 3, no 49 မှာ ဖော်ပြထားပါသည်။

By: သစ်ထူးလွင်
ပိုးသတ်ဆေးမစင်သည့် ကန်စွန်းရွက်ကို ကြော်စားမိ၍ လူတစ်ဦး တိမ်းပါး၊ ၁၁ ဦးဆေးရုံရောက် ပိုးသတ်ဆေးမစင်သည့် ကန်စွန်းရွက်ကို ကြော်စားမိ၍ လူတစ်ဦး တိမ်းပါး၊ ၁၁ ဦးဆေးရုံရောက် Reviewed by သစ်ထူးလွင် on 21:45 Rating: 5

4 comments:

ချော(အစိမ်းရောင်လွင်ပြင်) said...

ဟိုက်
ကန်ဇွန်းရွက်တောင် စားဖို့လန့်သွားပြီ

Bravo said...

ပိုးသတ်ဆေး နဲ့ ဓါတ်မြေသြဇာအိတ်တွေမှာ precaution, protection instruction တွေကို မြန်မာလိုရိုက်ထည့်ဖို့ ကုမ္မဏီတွေကို အစိုးရကဖိအားပေးသင့်တယ်။ အဲဒီမြန်မာလိုရိုက်ထားတဲ့စာရွက် မပါရင်မရောင်းရဆိုတာမျိုးပေါ့။

Unknown said...

ပိုးသတ်ဆေးဖြန်းထားတဲ့ ကန်ဇွန်းရွက်ကို ရေစင်အောင်ဆေးပြီး
ဓနုဖြူမြို့နယ် မီးသတ်စခန်းမှ ဒုဦးစီးမှူး ဦးရဲနိုင်ဦး ကိုကျွေးလိုက်
ပါ....

nancherry said...

တော်ပြီ တကျွှန်းရွှက် ဂျားတော့ ဘူးသားသား ကြောက်ကြောက်...

Powered by Blogger.