အမျိုးသားအောင်ပွဲနေ့သင်တန်းဆင်းပွဲ


၂၀၁၁ ခုနှစ်၊ နိုဝင်ဘာလ (၂၀) ရက် (အမျိုးသားအောင်ပွဲ)နေ့တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ပထမအကြိမ် (၁/၂၀၁၁) ဟိုတယ်သင်တန်းဆင်းအောင်လက်မှတ် ချီးမြှင့်ခြင်းအခမ်းအနားအားကျင်းပပြု လုပ်ခဲ့ပါသည်။

          ယင်းသင်တန်းသည် ၂၄.၉.၂၀၁၁ ရက်နေ့မှ စတင်၍ ဆရာဦးအောင်ထွန်း၊ ဆရာဦးရွှေဇင်အောင်၊ ဆရာ ဦးထွန်းထွန်းဝင်းတို့မှ ပညာဒါနအဖြစ် သင်ကြားပို့ချပေးခဲ့ပြီး ၁၉.၁၁.၂၀၁၁ ရက်နေ့တွင် သင်တန်းပြီးဆုံးသွားပြီးနောက် ယနေ့ အမျိုးသားအောင်ပွဲနေ့တွင် သင်တန်းဆင်းအောင်လက်မှတ်များချီးမြှင့်ပေးခြင်း ဖြစ်သည်။

သင်တန်းနည်းပြဆရာများသည် မြန်မာနိုင်ငံတွင်သာမက နိုင်ငံရပ်ခြားတွင်ရှိသောဟိုတယ် အသီးသီးတွင် ၀င်ရောက်၍ အမှုထမ်းနိုင်ရန်အတွက် စေတနာအပြည့်အ၀ဖြင့် စေတနာ့ဝန်ထမ်း သင်ကြားပေးခဲ့ခြင်း ဖြစ်သည်။ သင်တန်းသားများမှာလည်း (အခမဲ့) သင်ယူရသည်ကိုပေါ့ပေါ့တန်တန်မထားပဲအလေးထားသင် ယူခဲ့ကြသည့်အတွက် ယခုတက်မြောက်သွားပြီဖြစ်သောပညာရပ်ဖြင့် တိုင်းပြည်အကျိုး၊ ပြည်သူ့အကျိုး၊ ပရဟိတအများအကျိုးကိုဆောင်ရွက်နိုင်မည်ဟုယုံကြည်မိသည်။ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ရည်မှန်းချက်သည်လည်းအများအကျိုးသယ်ပိုးနိုင်သောလူသားအရင်းအမြစ်များကိုမွေးဖွားဖော်ထုတ် ပေးလိုသောရည်မှန်းချက်ဖြစ်သည်။ သင်တန်းတက်ရောက်သူသင်တန်းသူ/သား (၂၀) ဦးထဲမှာအထူးဂုဏ်ထူးဆုအားမအေးမူမူသိန်း၊ မခိုင်ဇာချိမ့်ဝင့်၊ မနှင်းသီတာထွေး (၃) ဦးတို့မှ ရရှိခဲ့ကြသည်။ သင်တန်းဆင်းပွဲတွင် ဥက္ကဋ္ဌ ဦးကျော်သူမှ အမှာစကားပြောကြားခြင်း၊ သင်တန်းနည်းပြဆရာတစ်ဦးမှ အမှာစကားပြောကြားခြင်း၊ သင်တန်းဆင်းအောင်လက်မှတ်များချီးမြှင့်ခြင်း၊ ဆုရသင်တန်းသားတစ်ဦးမှ ကျေးဇူးတင်စကားပြောကြားခြင်း၊ သင်တန်းနည်းပြဆရာများနှင့် သင်တန်းသူ/သားများတို့မှ နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ အလှူငွေပေးအပ်ခြင်း၊ အတွင်းရေးမှူး ဒေါ်ရွှေဇီးကွက်မှ နိဂုံးချုပ်စကားပြောကြားခြင်း၊ သင်တန်းနည်းပြဆရာများ၊ သင်တန်းသူ/သားများနှင့် နာရေးကူညီမှုအသင်း(ရန်ကုန်) အမှုဆောင်များစုပေါင်း၍ အမှတ်တရဓါတ်ပုံရိုက်ကူးခြင်းနှင့် သင်တန်းဆင်းပွဲအောင်မြင်စွာပြီးဆုံးကြောင်းကြေငြာပြီးသည့်နောက် သုခအာဟာရစားသောက်ဆိုင်တွင် ကော်ဖီ၊ ကောက်ညှင်းပေါင်း၊ ဘိန်းမုန့်တို့ဖြင့် ဧည့်ခံကျွေးမွေးခဲ့ပါသည်။

          သင်တန်းသူ/သားအပေါင်းတို့သည် ပရဟိတအလုပ်များကိုလုပ်ကိုင်ဆောင်ရွက်ကြရင်းကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုး၊ ကိုယ့်တစ်မျိုးသားလုံးနှင့် သက်ဆိုင်သည့် အမျိုးသားရေးစိတ်ဓါတ်နှင့် ပြည်သူပြည်သားများ၏ အကျိုးကိုဆထက်တစ်ပိုး ကြိုးစားဆောင်ရွက်သွားမည်ဟုအမျိုးသားအောင်ပွဲနေ့တွင် မင်္ဂလာစကားပါးလိုက် ပါတော့သည်။
(နာရေးကူညီမှုအသင်း - ရန်ကုန်မှ ပညာရေးကဏ္ဍအဖြစ် အလုပ်အကိုင်ရရှိရေးအတွက် တိုးချဲ့ ဆောင်ရွက်ခဲ့ရာ နွေရာသီအင်္ဂလိပ်စာသင်တန်း၊ English 4 Skills, Computer (Basic), Hotel သင်တန်းများကို (အခမဲ့) အဖြစ် သင်ကြားပေးလျက်ရှိသည်။ ယခုအခါ လူငယ်များအတွက် အလုပ်အကိုင် အခွင့်အလမ်းတစ်ရပ် ဖန်တီးပေးသည့် အနေဖြင့် အထက်ပါသင်တန်းများကိုဖွင့်လှစ်ပေးသွားမည်ဖြစ်ပါသည်။ Hotel သင်တန်းတွင် သင်ကြားပေးမည့် ဘာသာရပ်ခွဲများမှာ Front Office Basic Course, Housekeeping Basice Course, F&B Waiter & Waitress Basic Course, Public Realtion, Professional Sale, Total Quality Control တို့ဖြစ်သည်။ ဟိုတယ်လုပ်ငန်းကို စိတ်ပါဝင်စားသူများအနေဖြင့် နာရေးကူညီမှုအသင်း(ရန်ကုန်)တွင် လူကိုယ်တိုင် လာရောက်၍ လျှောက်ထားနိုင်ပါသည်။

လျှောက်လွှာလက်ခံမည့်နေ့ရက် - (၁၅ / ၁၆ / ၁၇) ဒီဇင်ဘာလ၊ ၂၀၁၁ ခုနှစ်ဖြစ်ကာသင်တန်းကာလမှာ ၇.၁.၂၀၁၂ ရက်နေ့မှ ၁၇.၃.၂၀၁၂ ရက်နေ့အထိ ဖြစ်သောကြောင့် အလုပ်အကိုင် အခွင့်အလမ်းသစ်များ ရှာဖွေလိုသူများအနေဖြင့် လာရောက်လျှောက်ထားနိုင်ပါသည်။






































ကျော်သူ Facebook စာမျက်နှာမှ
အမျိုးသားအောင်ပွဲနေ့သင်တန်းဆင်းပွဲ အမျိုးသားအောင်ပွဲနေ့သင်တန်းဆင်းပွဲ Reviewed by သစ်ထူးလွင် on 08:40 Rating: 5

No comments:

Powered by Blogger.