နေပြည်တော်ရှိ ဌာနဆိုင်ရာ ဝန်ထမ်းများအား ရုံးကိစ္စဖြင့် ပြင်ပ သွားရာတွင် ဆိုင်ကယ် ကယ်ရီဖြင့် သွားရောက်ခြင်းအား တားမြစ်ထားကြောင်း ဝန်ထမ်းများ၏ ပြောပြ ချက်အရ သိရသည်။
”ဝန်ထမ်းတွေ ကယ်ရီနဲ့ သွားရာမှာ အန္တရာယ် အများကြီးရှိတယ်။ လုယက်မှု တွေကလည်း ခဏခဏ ဖြစ်နေပြီး ဆိုင်ကယ် တိုက်မှုတွေ မဖြစ်အောင် တားမြစ်လိုက် တာပါ။ လိုင်စင်မဲ့ ဆိုင်ကယ်တွေနဲ့ လုယက်တဲ့ ဒုစရိုက်သားတွေ ရန်က ကာကွယ်လိုက်ခြင်း ဖြစ်တယ်”ဟု မော်တော်ယာဉ် ကော်မတီမှ တာဝန်ရှိသူ ကဆိုသည်။
ရုံးကိစ္စဖြင့် ပြင်ပ သွားရောက်ပါက မော်တော်ယာဉ် ကော်မတီမှ အငှားကား တောင်းခံ၍ သွားရောက်ရန် စက်တင်ဘာ ၃ဝ ရက်တွင် တရားဝင် ထုတ်ပြန်ခဲ့ကြောင်း သိရ သည်။
”ရုံးချိန် အတွင်း သွားလာရေး အဆင်ပြေစေဖို့ လူရှစ်ဦးဆံ့ လျှပ်စစ်ဘတ်ထရီ ကားငယ်ကို ထုတ် ပေးထားတယ်။ သွားလာစရာ ရှိတဲ့ ဝန်ထမ်းအားလုံး အခမဲ့ သွားပါ တယ် ” မော်တော်ယာဉ် ကော်မတီမှ တာဝန်ရှိသူက ပြောသည်။
အဆောင်နေသူ အများအနေဖြင့် ရုံးချိန် ပြင်ပတွင် သွားလာလိုပါက လူတစ်ဦးလျှင် အသွားအပြန် ၂ဝဝ ကျပ် သတ်မှတ်ထားပြီး မိမိ တစ်ဦးတည်းသာ သွားရောက် လိုပါက အသွားအပြန် ၁၅ဝဝ ကျပ် သတ်မှတ်ထားကြောင်း ထပ်မံသိရသည်။
ထိုသို့ ဆိုင်ကယ်ကယ်ရီ အစား ရုံးကားများ စီစဉ်ပေးသည့် အပေါ် ဝန်ကြီးဌာ ရုံးတစ်ရုံးမှ ဌာနဆိုင်ရာ ဝန်ထမ်းတစ်ဦးက ”ရုံးကိစ္စနဲ့ အပြင်သွားရတာ အရင်ကဆို ဆိုင်ကယ် ကယ်ရီ နဲ့သွားလို့ အဆင်မပြေဘူး။ ဒီလိုဌာနက စနစ်တကျ ပို့ဆောင်ပေးတာ ကောင်းပါတယ်။ လိုအပ်တာ မှန်သမျှ ဈေးနေ့ စောင့်ပြီး အဲဒီနေ့မှ ဝယ်ရတယ်” ဟု ၄င်းက ဆိုသည်။
နေပြည်တော်ရှိ ဝန်ကြီးဌာနရုံးများ အားလုံးတွင် ဝယ်ယူစားသောက်ရေး အဆင်ပြေစေရန် အတွက် တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာနေ့ ရက်များ၌ ညနေ ရုံးဆင်းချိန်တွင် နေပြည်တော် မြို့မဈေးသို့ ပို့ဆောင်ပေးကြောင်း ဌာနဆိုင်ရာ ဝန်ထမ်းများ ထံမှ ထပ်မံသိရသည်။

မေမြန်မာ
နေပြည်တော်၌ ဝန်ထမ်းများ ဆိုင်ကယ် ကယ်ရီဖြင့် ပြင်ပသွားခြင်း တားမြစ်ထား
Reviewed by သစ်ထူးလွင်
on
12:37
Rating:
No comments:
Post a Comment